October 20, 2024

MT News
၂၀. ၁၀. ၂၀၂၄

မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်းသည် ၂၀၂၅ အာရှယူ-၁၇ ခြေစစ်ပွဲ ကစားရန်အတွက် ယနေ့ (အောက်တိုဘာ ၂၀) ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။

မြန်မာယူ-၁၇ အသင်းသည် အာရှယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I) တွင် ဗီယက်နမ်၊ ယီမင်၊ ကာဂျစ္စတန် ယူ-၁၇ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာယူ-၁၇ အသင်းကို အုပ်ချုပ်သူအဖြစ် ဦးစိုးမြတ်မင်း၊ နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုး၊ လက်ထောက်နည်းပြများအဖြစ် ဦးမြတ်မင်းသူ၊ ဦးထွန်းနောင်ဦး၊ ဂိုးနည်းပြအဖြစ် ဦးမြကိုမင်းတို့က တာဝန်ယူ ဆောင်ရွက်ကြမည်ဖြစ်သည်။

ခြေစစ်ပွဲ အုပ်စု (I) ကို အိမ်ရှင်အဖြစ် ဗီယက်နမ်နိုင်ငံ၊ ဗီယက်ထရွိုင်မြို့တွင် လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာ ယူ-၁၇ အသင်း အနေဖြင့် အောက်တိုဘာ ၂၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ယီမင်၊ အောက်တိုဘာ ၂၅ ရက် မြန်မာစံတော်ချိန် ည ၆ နာရီခွဲတွင် ဗီယက်နမ်၊ အောက်တိုဘာ ၂၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ကာဂျစ္စတန် အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

ခြေစစ်ပွဲကို အုပ်စု (၁၀) စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု ပထမရရှိသည့် ၁၀ သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရသည့် (၅) သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *