October 20, 2024

MT News
၂၀. ၁၀. ၂၀၂၄

လာမည့်သုံးရက်အတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်မည်ဖြစ်၍ ယနေ့မွန်းလွဲမှ လာမည့် ၄ ရက်အတွင်း ပြည်နယ်နှင့်တိုင်း ၁၂ ခုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် ဆိုင်ကလုန်းမုန်တိုင်းမဖြစ်ပေါ်မီ အပြည်ပြည်​ဆိုင်ရာမိုးလေဝသဌာနများက အမည်ပေးထားသည့် Invest -98B အဖြစ်ရှိနေမည်ဖြစ်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပါက ကာတာနိုင်ငံက အလှည့်ကျအမည်ပေးသည့် Dana ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမည်ဖြစ်ကာ လတ်တလောတွင်မူ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ လေဖိအားနည်းဆဲလ်အဖြစ် ပုသိမ်မြို့၏ တောင် – အနောက်တောင်ဘက် မိုင် ၁၈၀ ခန့်အကွာတွင် ဗဟိုပြုနေသည်။

ထို့အတူ ယနေ့မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာနိုင်ကာ နောက် (၂၄) နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၂ ရက်နေ့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ လည်းကောင်း၊ အောက်တိုဘာ ၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါ လေဖိအားနည်းဆဲလ်နှင့် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ အောက်တိုဘာ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

ထို့အတူ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးခြင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်၍ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ခြင်းများဖြစ်ပေါ်နိုင်သည့်အပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *