October 20, 2024

၂ဝ.၁ဝ.၂ဝ၂၄
Written by K Pyay Thein

အခုနှစ်ပိုင်းအတွင်းမှာ ပြည်တွင်းထုတ်သတင်းစာ၊ ဂျာနယ်ဈေးတွေရဲ့ရောင်းအားဟာ အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့တယ်လို့ ရန်ကုန်မြို့ရှိ ဖြန့်ချိရေးလုပ်ငန်းလုပ်ကိုင်သူကိုယ်စားလှယ်တွေထံကနေ သိရပါတယ်။

အရင်ကရောင်းအားကျဆင်းမှုတွေရှိခဲ့တဲ့ နေ့စဥ်ထုတ်ပုဂ္ဂလိကသတင်းစာနှစ်စောင်ဖြစ်တဲ့ စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာနဲ့ Daily Eleven သတင်းစာတို့ရဲ့ ရောင်းအားတွေဟာလည်း အခုလပိုင်းအတွင်းမှာ ရောင်းအားပြန်တက်လာခဲ့တယ်လို့လည်း မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူ ကိုယ်စားလှယ်တစ်ဦးက MT News ကို ပြောပါတယ်။

“အခု နေ့စဉ်ထုတ် သတင်းစာတွေထဲမှာဆိုရင် ပုဂ္ဂလိကသတင်းစာက နှစ်စောင်ပဲကျန်တော့တာလေ။ စံတော်ချိန်နဲ့ Daily Eleven ပေါ့။ Daily Eleven က တစ်ပတ်ကို နှစ်ရက်နားတယ်။ မထွက်ဘူး။ ကြာသပတေးနဲ့ တနင်္ဂနွေ‌နေ့မှာ မထွက်ဘူး။ လက်ရှိထုတ်‌နေတာ အဲ့နှစ်စောင်ပဲရှိတော့ စာဖတ်ပရိသတ်တွေက ဝယ်ကြတာတွေ့ရတယ်။ သူကတော့ရောင်းရတယ်။ နောက်သတင်းစာထဲမှာဆို နိုင်ငံပိုင်သတင်းစာတွေရှိမယ်။ အစိုးရထုတ်ပေါ့။ မြန်မာ့အလင်း၊ ကြေးမုံရှိမယ်။ နောက်တစ်ခါ E – Version နဲ့ထုတ်ဝေတဲ့ သတင်းစာတစ်စောင်ရှိမယ်။ ပြည်တွင်းအပတ်စဥ်ထုတ်ဂျာနယ်တွေထဲမှာဆိုရင်‌တော့ လက်ရှိ‌ဈေးကွက်မှာ Weekly Eleven ရှိမယ်။ Stateman ဂျာနယ်ရှိမယ်။ ပြည်မြန်မာသတင်းစုံဂျာနယ်ရှိမယ်။ နိုင်ငံတကာရှိမယ်။ ဘောလုံးဂျာနယ်တွေရှိမယ်။ကျန်းမာရေးဂျာနယ်ဆို Good Health ရှိမယ်။ နောက်ဗေဒင်လိုင်းနဲ့ပတ်သက်ရင် မနောမယဂမ္ဘီရဂျာနယ်ရှိမယ်။ မှုခင်းဂျာနယ်လည်း အခုအထိထွက်နေသေးတယ်”လို့ ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းထုတ်ပုဂ္ဂလိကသတင်းစာတွေရဲ့ဈေးနှုန်းက သတင်းစာ၊ ဂျာနယ်ဈေးကွက်အတွင်းမှာ စံတော်ချိန်သတင်းစာက တစ်စောင်ကို ကျပ် ၇၀ဝ အထိ ဈေးရှိနေသလို Daily Eleven သတင်းစာကတော့တစ်စောင်ကို ကျပ် ၈ဝဝ အထိ ဈေးရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံပိုင်အစိုးရထုတ် သတင်းစာတွေရဲ့ ရောင်းဈေးက ကျပ် ၂၅၀ ကနေ ၃ဝဝ အထိရှိနေပြီး အပတ်စဉ်ထုတ်ဂျာနယ်တွေရဲ့ ဈေးနှုန်းကတော့ ဈေးကွက်မှာတစ်စောင်ကို အနိမ့်ဆုံးဈေးကျပ် ၁၅ဝဝ ကနေ ၂ဝဝဝ အထိရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

“သတင်းစာ၊ ဂျာနယ်ရောင်းအားတက်လာတယ်ဆိုတာက အခုက အရင်လို ထုတ်တဲ့သူလည်းနည်းသွားတယ်လေ၊‌ဈေးကွက်မှာထွက်နေတာလေးတွေပဲ ရောင်းနေရတဲ့သဘောရှိတာပေါ့။ အဲ့ဒါကြောင့် ရောင်းအားကပြန်တက်လာတယ်။တချို့ကျတော့ ဂျာနယ်မှ သတင်းစာမှ ဖတ်ချင်ကြတဲ့သူတွေလည်း ရှိတယ်။ အဲ့လို စာပေကိုချစ်တဲ့သူတွေ မြတ်နိုးတဲ့သူတွေကတော့ ဝယ်ဖတ်ကြပါတယ်။ ဒါပေမဲ့ ဟိုးအရင်ကာလတွေကလို ကိုဗစ်မတိုင်ခင်ကာလ‌တွေနဲ့ နှိုင်းယှဥ်ရင်တော့ ရောင်းအားက တအားကြီးတက်လာတာမျိုးတော့မဟုတ်ပါဘူး။ အများကြီးကွာပါတယ်။ အရင်ဆယ်စုနှစ်တစ်စုကျော်လောက်က ဂျာနယ်၊ သတင်းစာဖြန့်ချိရေးလောကဈေးကွက်ဆိုတာ ပြောရရင် ရွှေခေတ်တစ်ခေတ်ပါပဲ”လို့ ရန်ကုန်မြို့ရှိ ဖြန့်ချိရေးကိုယ်စားလှယ်တစ်ဦးက ထပ်လောင်းပြောပြပါတယ်။

ဒါ့အပြင် လက်ရှိကာလမှာ ပြည်တွင်းထုတ်သတင်းစာ၊ဂျာနယ်တွေကို လက်ပွေ့ရောင်းချသူတွေလည်း နည်းပါးသွားခဲ့ပြီး ဖြန့်ချိရေးကိုယ်စားလှယ်တွေလည်း ဈေးကွက်မှာအနည်းအကျင်းလောက်ပဲ ကျန်ရှိတော့တယ်လို့ သတင်း၊ဂျာနယ်ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

“အခုက အကြောင်းအမျိုးမျိုးကြောင့် ဒီလောက ကနေ စွန့်ခွာပြီး အခြားအသက်မွေးဝမ်းကြောင်းအလုပ်တွေကို လုပ်ကိုင်သွားကြတဲ့သူတွေရှိတယ်။ အဓိက ကတော့ ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲမှာ ဒီသတင်းစာ၊ ဂျာနယ်‌ဈေးကွက်က အတော်လေးပျက်သွားတယ်။ အတော်လေးထိခိုက်သွားတယ်။‌ ပြောရရင် နိုင်ငံရေးမုန်းတီးမှုတွေကြောင့် သတင်းစာ၊ဂျာနယ်တွေကို ဘယ်သူမှ ဝယ်မဖတ်ကြတော့ဘူး။ အဲ့ဒီကာလနောက်ပိုင်း ဒီနှစ်ထဲမှာမှ ပြည်တွင်းသတင်းစာ၊ ဂျာနယ်တွေရဲ့ ရောင်းအားက အနည်းငယ် မဆိုသလောက်လေးပဲရောင်းအားက ပြန်တက်လာတာပါ။ သူ့ရဲ့ဈေးကွက်အခြေအနေက မှန်းလို့တော့မရဘူး‌ပေါ့။ စာဖတ်ပရိသတ်တွေရှိနေသရွေ့တော့ ဒီဈေးကွက်ကရှိနေအုံးမှာပါ”လို့ ဖြန့်ချိရေးကိုယ်စားလှယ်တစ်ဦးက ထပ်လောင်းပြောပြခဲ့ပါတယ်။

(Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *