October 20, 2024

၂၀.၁၀.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်အတွင်း အတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေ၊ ဆာပီလိုကျွန်း (Sapelo Island) ရှိ သင်္ဘောများဆိုက်ကပ်ရန်နေရာတစ်ခု တစ်စိတ်တစ်ပိုင်း ပြိုကျမှုတစ်ရပ် ဒေသစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ရာ အနည်းဆုံး ခုနစ်ဦးသေဆုံးခဲ့ရသည့်အပြင် အနည်းဆုံး လူ ၂၀ ဦးခန့်မှာလည်း အတ္တလန်တိတ် သမုဒ္ဒရာအတွင်းရောက်ရှိပျောက်ဆုံးနေကြကြောင်း၊ ဒဏ်ရာရရှိသူအများအပြားရှိကာ ဆေးရုံသို့ တင်ပို့ထားရကြောင်းလည်း သိရသည်။

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များကလည်း ပြိုကျမှု၌ ပျောက်ဆုံးနေသူများကို အောက်တိုဘာ ၁၉ ရက် စနေနေ့ညတွင် ဆက်လက်ရှာဖွေနေကြဆဲဖြစ်ကြောင်းသတင်းများကဆိုသည်။

ဆာပီလိုကျွန်းမှ လူနည်းစုဖြစ်သော ဂူလာ-ဂီချီ အသားမည်းကျေးကျွန်လူမျိုးစုမှ ဆင်းသက်လာသူများက ၎င်းတို့၏နှစ်ပတ်လည်ပွဲတော် အခမ်းအနားတစ်ရပ်ကို ထိုသင်္ဘောများဆိုက်ကပ်ရန်နေရာတွင် ကျင်းပနေစဉ် ပြိုကျမှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

သင်္ဘောပေါ်ခရီးသည်များတက်ရောက်ရန် လမ်းတံတားလေးတစ်ခု၌ ကြိုပို့သင်္ဘောကိုစောင့်ဆိုင်းနေသူများနှင့် ပြည့်ကျပ်နေစဉ် ပြိုကျမှုစတင်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ အသက်ရှင်ကျန်ရစ်နေနိုင်သူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းလည်း ဂျော်ဂျီယာပြည်နယ်၊သဘာဝအရင်းအမြစ်ဦးစီးဌာန ပြောရေးဆို ခွင့်ရှိသူ တိုင်လာ ဂျုံးစ်က ပြောခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့မှ ရဟတ်ယာဉ်များနှင့် ဘင်္ဘောများကလည်း ဆိုနာ အသံလှိုင်းဖြင့် ရေအောက်တွင် အရာဝတ္တုများကို ရှာဖွေသည့်ကိရိယာများအသုံးပြုကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်နေကြကြောင်း၊ ပြိုကျမှုဖြစ်ပွားခြင်း၏ အကြောင်းရင်းကို ရှင်းလင်းစွာမသိသေးကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

ဆာပီလိုကျွန်းက ဂျော်ဂျီယာပြည်နယ်၊ ဆာဗားနားမြို့၏တောင်ဘက် မိုင် ၆၀ အကွာတွင်ရှိကာ ပြည်နယ်ကမ်းခြေသို့ရောက်ရန် ကြိုပို့သင်္ဘောများဖြင့် မိနစ် ၂၀ ခန့်သွားရသည်။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *