October 19, 2024

၁၉. ၁၀. ၂၀၂၄
Written by Tha Doe

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများထံမှ ရွှေဆွဲကြိုးများ အကြိမ်ကြိမ် လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ၃ ဦးအား သက်သေခံရွှေထည် ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သူ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ကျူးကျော်တဲနေသူများဖြစ်ကြသည့် ဇော်လင်းအောင်(ခ)မဲကြီး(၃၆)နှစ် (ဘ)ဦးဇော်ဝင်းအား အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီတွင် ၎င်း၏နေအိမ်၌လည်းကောင်း၊ ထွန်းတောက်လင်း(ခ) ဖက်တီး(၂၁)နှစ် (ဘ)ဦးဝင်းဆောင်အား နံနက် ၁၁ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ စည်သာယာရပ်ကွက်ရှိ ၎င်း၏အဒေါ်ဖြစ်သူနေအိမ်၌လည်းကောင်း၊ သိန်းဝင်းအောင်(ခ)စွေစောင်း(၁၉)နှစ် (ဘ)ဦးဇော်ဝင်းအား နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဇော်လင်းအောင်(ခ)မဲကြီးပါ ၃ ဦးတို့အား စစ်ဆေးဖော်ထုတ်ချက်များအရ ဇော်လင်းအောင်(ခ)မဲကြီးနှင့် ထွန်းတောက်လင်း(ခ)ဖက်တီးတို့မှ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း၌ စက်မှုဈေးတောင်ဘက်၊ (၂)လမ်းမြောက်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦး၊ ငွေတော်ကျီကုန်းဈေး၊ (၃)လမ်းမြောက်တွင် စက်ဘီးစီးနင်းလာသည့် အမျိုးသားတစ်ဦး၊ (၅၇)လမ်း၊ မနော်ဟရီလမ်းအကွေ့တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦး၊ (၅၃)လမ်း၊ မနော်ဟရီလမ်း တောင်ဘက်၊ (၂)လမ်းမြောက်တွင် စက်ဘီးစီးနင်းလာသည့် အမျိုးသားတစ်ဦး၊ လမ်း(၆၀)၊ (၁၃၁) လမ်း၊ စက်မှုဈေးမြောက်ဘက်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး၊ (၅၈)လမ်း၊ (၁၀၆)လမ်းနှင့် (၁၀၇)လမ်းကြားတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးနှင့် (၅၈) လမ်း၊ လမ်း(၃၀)နှင့် (၃၅)လမ်းကြားတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးတို့ထံမှ လုယက်မှု(၇)ကြိမ်၊ ဇူလိုင်လအတွင်း၌ (ဆ)ရပ်ကွက်၊ အေးမေတ္တာဈေး၊ (၅၁)လမ်းနှင့် (၁၂၉)လမ်း တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦး၊ (၆၂)လမ်းနှင့် (၁၂၀)လမ်းတွင် ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသားတစ်ဦးနှင့် စက်မှုပန်းခြံအကျော်(၃)လမ်းမြောက်၊ စွယ်တော်ကား ကွင်းသွားသည့်လမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးတို့ထံမှ လုယက်မှု(၃)ကြိမ်၊ ဩဂုတ်လအတွင်း၌ လမ်း(၃၀)နှင့် (၆၃)လမ်းတွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးနှင့် (၁၀၇)လမ်း၊ (၅၅)လမ်းနှင့် (၅၆)လမ်းကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးတို့ထံမှ လုယက်မှု(၂)ကြိမ်၊ စက်တင်ဘာလအတွင်း၌ (၆၂)လမ်းနှင့် (၆၃)လမ်းကြား မနော်ရဟီလမ်းတွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ လုယက်မှု(၁)ကြိမ်၊ စုစုပေါင်းလုယက်မှု (၁၃)ကြိမ်အား ထွန်းတောက်လင်း(ခ)ဖက်တီးမှ ဆိုင်ကယ်မောင်းနှင်ပြီး ဇော်လင်းအောင်(ခ)မဲကြီးမှ နောက်မှထိုင်၍ လိုက်ပါကာ လမ်းသွားလမ်းလာပြည်သူများထံမှ ဆွဲကြိုးဖြတ်လုယက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊

သိန်းဝင်းအောင် (ခ)စွေစောင်းနှင့် ထွန်းတောက်လင်း(ခ)ဖက်တီးတို့မှ ဩဂုတ်လအတွင်း၌ (၅၈)လမ်းနှင့် (၅၉)လမ်းကြား၊ (၁၃၂)လမ်းနှင့် (၁၃၃)လမ်းကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးထံမှ လုယက်မှု(၁)ကြိမ်၊ စက်တင်ဘာလအတွင်း၌ (၅၈)လမ်းနှင့် (၅၉)လမ်းကြား၊ (၁၁၄)လမ်းနှင့် (၁၁၅)လမ်းကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးနှင့် အောင်ပင်လယ်ရပ်ကွက်၊ လမ်းမမှတ်မိတွင် ရေသန့်ဝယ်ယူနေသည့် အမျိုးသမီးတစ်ဦးတို့ထံမှ လုယက်မှု(၂)ကြိမ်၊ စုစုပေါင်းလုယက်မှု(၃)ကြိမ်အား သိန်းဝင်းအောင်(ခ)စွေစောင်းမှ ဆိုင်ကယ်မောင်းနှင်ပြီး ထွန်းတောက်လင်း(ခ)ဖက်တီးမှ နောက်မှထိုင်၍လိုက်ပါကာ လမ်းသွားလမ်းလာပြည်သူများထံမှ ဆွဲကြိုးဖြတ်လုယက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဇော်လင်းအောင်(ခ)မဲကြီး၊ သိန်းဝင်းအောင်(ခ)စွေစောင်းနှင့် ထွန်းတောက်လင်း(ခ)ဖက်တီးတို့ ၃ ဦးသည် မန္တလေးမြို့ပေါ် ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများထံမှ စုစုပေါင်းလုယက်မှု(၁၆) ကြိမ်ကျူးလွန်ခဲ့ကြကြောင်း သိရှိရပြီး အဆိုပါလုယက်မှုများမှရရှိခဲ့သည့် သက်သေခံရွှေထည်ပစ္စည်းများအား ၎င်းတို့ထုခွဲရောင်းချခဲ့သည့် သက်ဆိုင်ရာနေရာအသီးသီးမှ သက်သေများနှင့်အတူ ရှာဖွေသိမ်းဆည်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများအား ဆိုင်ကယ်ဖြင့် နောက်မှလိုက်၍ လုယက်မှုကျူးလွန်ခဲ့ကြသူ တရားခံဇော်လင်းအောင်(ခ)မဲကြီး၊ သိန်းဝင်းအောင်(ခ)စွေစောင်းနှင့် ထွန်းတောက်လင်း(ခ)ဖက်တီးတို့အား သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် အမှုများဖွင့်လှစ်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *