October 19, 2024

၁၉.၁၀.၂၀၂၄
Written By Zun

MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ ယနေ့အောက်တိုဘာ ၁၉ ရက် နံနက် ၁ နာရီခွဲကျော် အချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့်တိုက်ခိုက်ရာ တုံချိန်ရပ်ကွက်အတွင်းရှိ (၃၁၁) ပန်းခြံအနီး ကျရောက်ပေါက် ကွဲခဲ့သောကြောင့် နေအိမ်နှင့် ဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ သို့သော်လည်း လူအသေအပျောက် မရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂) ရက်က လေကြောင်းတိုက်ခိုက်ခံခဲ့ရချိန် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ မျှော်စင်နှင့် ပြည်သူ့ဆေးရုံအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် ကိုးကန့်( MNDAA) ထိန်းချုပ်ထားသော အထူးဒေသ(၁) သို့ ရိက္ခာဖြတ်တောက်မှုများ၊ ဆက် သွယ်ရေး ဖြတ်တောက်မှုများ ပြုလုပ်မည်ဟု အသံထွက်နေချိန်တွင် ၎င်းတို့ ထိန်းချုပ်ထားသော လားရှိုး၊ သိန္နီမြို့နှင့် လောက်ကိုင်မြို့၌လည်း လေကြောင်းတိုက်ခိုက်မှုများကို အလူးအလဲခံနေရခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ရဲ့ အထူးဒေသ (၁) ကို ၀ တပ်ဖွဲ့ ဖြစ်တဲ့ UWSA နဲ့ တရုတ်ကနေ ဖြတ်လေးဖြတ်လုပ်မယ် ဆိုပြီးမှ အသံတွေထွက်နေလို့ ကိုးကန့်တွေ စိတ်ဓာတ်ကျနေတာ။ အခု လောက်ကိုင်ကို ဗုံးချတာ ခံရပြန်ပြီ။ ဘာတွေဆက်ဖြစ် လာမလဲမသိတော့ဘူး”ဟု လောက်ကိုင်ဒေသခံတစ်ဦးက MT News ကို ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက်အစောပိုင်းက MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ လေ ကြောင်း တိုက်ခိုက်ခံရသည့်အပြင် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့၊ KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာ မြို့အနီးတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ခံရသောကြောင့် ဗုံးများကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *