October 19, 2024

၁၉.၁၀.၂၀၂၄
Written by Hey Mar

မြစ်ထဲ ရေဆင်းကူးတဲ့ လူငယ် (၅)ဦး ရေနစ်နေတာကို အနီးအနားက သမ္ဗာန်သမားတွေက ဆယ်ယူနိုင်လို့ (၄)ဦးကို အသက်ရှင်လျှက် ကယ်တင်လိုက်နိုင်ပေမယ့် တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားပန်းခြံ မြစ်ဆိပ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေထံကနေသိရပါတယ်။

ရေနစ် ကွယ်လွန်သွားတဲ့ လူငယ်မှာ အသက်(၁၅)နှစ်အရွယ်ဖြစ်ပြီး၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမှာ နေထိုင်သူလို့ သိရှိရပါတယ်။ အသက်ရှင်လျှက်ကယ်တင်နိုင်ခဲ့တဲ့ လူငယ် (၄)ဦးကလည်း မြို့နယ်တူ အသက်အရွယ် ၁၅ နှစ် နဲ့ ၁၆ နှစ်ကြားတွေလို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကြည့်မြင်တိုင်မြို့နယ် ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကို ပြောပါတယ် ။

လူမှုကူညီရေးအသင်းတာဝန်ရှိသူက”လူငယ်တစ်ဦးကိုအသက်ရှင်လျှက်မကယ်နိုင်ခဲ့ပေမယ့် အချိန်ပိုင်းအတွင်း ရုပ်အလောင်း ပြန်ရတာက ကံကောင်းတယ် ပြောရမယ်။ ရန်ကုန်မြစ်က ရေနစ်ရင် ပြန်ရဖို့ မလွယ်သလို ရေစုန်ချည်း ရှာလို့လည်းမရဘူး။ ရေစုန်ရေဆန် လိုက်ရှာရတာ။ လေးငါးရက်နဲ့ ပေါ်ချင်မှပေါ်တာ။ အခုက အဲ့ဒီနား သမ္ဗာန် သမားတွေချထားတဲ့ ငါးဖမ်းပိုက်မှာ ငြိနေလို့ အဝေးမရောက်ပဲ ပြန်တွေ့တာ” လို့ ဆိုပါတယ်။

ရေနစ်တဲ့ လူငယ်ကို ကြည့်မြင်တိုင်မြို့နယ်ထဲက လူမှု ကူညီရေးအသင်းတွေက လူအားနဲ့ ပူးပေါင်းရှာဖွေပေးခဲ့ပြီး ည ၇ နာရီကျော်မှာ ရုပ်အလောင်းပြန်လည်တွေ့ရှိကာ၊ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *