October 19, 2024

၁၉. ၁၀. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပလျက်ရှိသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် Plenary Hall ၌ ကျင်းပလျက်ရှိသည့် တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အလွတ်တန်းအဆင့် အကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရိုးရာအကအဖွဲ့များက တိုင်းရင်းသားနှင့် ကျေးလက်ရိုးရာဓလေ့စရိုက်များ ပေါ်လွင်စေသည့် အကအလှများဖြင့် အဖွဲ့လိုက်အချိုးအဆစ်ညီညာပြေပြစ် ရသမြောက်စွာ ကပြယှဉ်ပြိုင်နေမှုများကို အားပေးကြည့်ရှုခဲ့ကြသည်။

SAC ဥက္ကဋ္ဌသည် အောက်တိုဘာ ၁၄ ရက်တွင် ပြုလုပ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့်အပြင် အောက်တိုဘာ ၁၆ ရက်တွင် မဟာဇနက ဇာတ်တော်ကြီးပြိုင်ပွဲသို့လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးအကပြိုင်ပွဲနှင့် အခြေခံအဆင့် အသက် ၁၀ နှင့်မှ ၁၅ နှစ်အတွင်း (အမျိုးသမီး)(ဂီတာ) အတီးပြိုင်ပွဲများသို့လည်းကောင်း တက်ရောက်ကြည့်ရှု့အားပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား လာမည့် အောက်တိုဘာ ၁၄ ရက် မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် စုစုပေါင်းဦးရေ ၂,၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *