October 19, 2024

၁၉. ၁၀. ၂၀၂၄
Written by Nyein Kyaw

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ယမန်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သော်လည်း လူနှင့် အခြားထိခိုက်ပျက်စီးမှုမရှိဘဲ အုပ်ကြွပ်အမိုး ၂ ပေခန့်သာပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် အောက်တိုဘာလ ၁၈ ရက်(ယမန်နေ့) ညနေ ၄ နာရီခွဲဝန်းကျင်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ ခေါင်မိုးတွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

ထိုပေါက်ကွဲမှုကြောင့် ခေါင်မိုးရေတံလျှောက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူနှင့် အခြားထိခိုက်ပျက်စီးမှု မရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းအား စိစစ်လျက်ရှိကြောင်း ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုကျူးလွန်ခဲ့သော အကြမ်းဖက်သမားများကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

NUG နှင့် PDF များအနေဖြင့် ယခင်က တရုတ်သမ္မတရုပ်ပုံ၊ တရုတ်အလံနှင့် တရုတ်စက်ရုံများကို မီးရှို့ဖျက်ဆီးမှုသာပြုလုပ်ခဲ့သော်လည်း ယခုတွင်မူ ဗုံးခွဲတိုက်ခိုက်မှုပါပြုလုပ်လာခြင်းဖြစ်သည်ဟုလည်း ပြည်တွင်းပြည်ပမီဒီယာများက ရေးသားနေသည်ကို တွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *