October 19, 2024

၁၉.၁၀.၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံအလယ်ပိုင်း ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ကေဆာရီမြို့(Caesarea)မှာ လက်ဘနွန်နိုင်ငံဘက်မှ လွှတ်တင်လိုက်တဲ့ မောင်းသူမဲ့လေယာဉ်တစ်စင်းက အဆောက်အအုံတစ်ခုကို ဝင်၍ တိုက်ဆောင့်မှုတစ်ရပ် အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းကဖြစ်ခဲ့တယ်လို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက ပြောကြားခဲ့ပါတယ်။

အဲဒီမောင်းသူမဲ့လေယာဉ်က ကေဆာရီမြို့ရှိ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟုရဲ့ ကိုယ်ပိုင်အိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးကပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ရန်ကြိုးစားချိန်မှာ ဝန်ကြီးချုပ်ရော၊ ဇနီးဖြစ်သူပါ အဲဒီအိမ်မှာမရှိကြဘူးလို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ်အိမ်ကို တစ်စုံတစ်ရာထိခိုက်မှု ရှိမရှိ ကိုလည်း ရှင်းလင်းစွာ မသိရသေးပါဘူး။ မောင်းသူမဲ့လေယာဉ်နဲ့ ဝင်တိုက်ခံခဲ့ရတဲ့အဆောက်အအုံက ဝန်ကြီးချုပ်ရဲ့ အိမ် ဟုတ်မဟုတ်ကိုလည်း အစ္စရေးအစိုးရက ရှင်းရှင်းလင်းလင်းမပြောသေးဘူးလို့လည်း ဆိုပါတယ်။

အစ္စရေးလုံခြုံရေးတပ်ဖွဲ့ တွေက ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ ဝန်ကြီးချုပ်အိမ်ကိုတိုက်ခိုက်ခဲ့တဲ့ မောင်းသူမဲ့လေယာဉ်က လက်ဘနွန်နိုင်ငံဘက်မှ လွှတ်တင်လိုက်တဲ့ သုံးစင်းအနက် တစ်စင်းဖြစ်ပြီး ကျန်နှစ်စင်းကိုတော့ ပစ်ချနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကြေညာချက်က အစ္စရေးနိုင်ငံရဲ့ လေကြောင်းရန်ကြိုတင်သတိပေးကာကွယ်မှုစနစ်မှာ အားနည်းချက်တွေရှိနေလား စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

မောင်းသူမဲ့လေယာဉ်နဲ့ ဝင်ဆောင့်ပြီး ပေါက်ကွဲမှုမဖြစ်ပွားမီမှာ ကေဆာရီမြို့အတွင်း လေကြောင်းရန် သတိပေးသံ တစ်စုံတစ်ရာမကြားခဲ့ကြဘူးလို့လည်း သိရပါတယ်။

Ref-The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *