October 19, 2024

၁၉.၁၀.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံ ဈေးဝယ်စင်တာတစ်ခုကိုဝင်၍သေနတ်ဖြင့်ပစ်မည်ဟု အွန်လိုင်းပေါ်က ခြိမ်းခြောက် ရေးသားသူမြန်မာလူငယ်အား ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေခဲ့ရာ ယခုအခါ ဖမ်းမိထားပြီ ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

အဆိုပါလူငယ်မှာ အသက် ၂၂ နှစ်အရွယ် စိုင်းဆိုင်ဖော ဆိုသူဖြစ်ပြီး ယမန်နေ့ အောက်တိုဘာ ၁၈ ရက် ည​နေ ၆ နာရီခွဲခန့်အချိန်က ပထုံဌာနီခရိုင်၊ လန်လုကာမြို့နယ်မြေရှိအလုပ်သမားတန်းလျားတစ်ခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ စိုင်းဆိုင်ဖောအား လုန်လုကာမြို့နယ်ရဲစခန်း၌ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှု ပြုလုပ်နေဆဲဖြစ် ကြောင်း၊ အွန်လိုင်းပေါ်တွင် ခြိမ်းခြောက်ရေးသားခြင်းမှာ ၎င်း မဟုတ်ကြောင်း ထွက်ဆိုထားသည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြကြသည်။

အောက်တိုဘာလ ၁၇ ရက်က ထိုင်းနိုင်ငံ Khon Kaen မြို့ရှိ နာမည်ကြီး Central Plaza ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့် ဝင်ရောက်ပစ်ခတ်မည်ဟု မြန်မာနိုင်ငံသားဟုယူဆရသည့် လူငယ်က ခွန်ကယ် Facebook Group ထဲဝင်ရောက်၍ ကျည်ဆန်အပြည့်ဖြည့်ထားသော သေနတ်တစ်လက်နှင့်အတူ ပိုစ့်တင်ခဲ့ခြင်း ဖြစ်သည်။

ပို့စ်တင်သူ၏အမည်ကို လူမှုကွန်ရက်တွင် ရှမ်းဘာသာဖြင့် ရေးသားထားကာ Facebook လူမှုကွန်ရက်တွင် ထိုင်းဘာသာဖြင့် နောက်ထပ် နာရီဝက်အကြာ စင်တာအတွင်း လူ ၅၀ ခန့်ကို ပစ်မည်ဖြစ်ပြီး လူ ၂၀ ခန့် သေနိုင်ကြောင်း ၊ သေနတ်ရရှိရန် ၆ လခန့် စောင့်ဆိုင်းခဲ့ရကြောင်းလည်း ရေးသားထားသည်ဟု ဒေသတွင်းသတင်းများဖော်ပြခဲ့ကြသည်။

အဆိုပါ ပို့စ်ကြောင့် ၎င်းဈေးဝယ်စင်တာသို့ မသွားရန် ထိုင်းနိုင်ငံသားအချင်းချင်း သတိပေးပြောဆိုမှုများ ရှိနေ ကာ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ယူ၍ စောင့်ကြည့်စစ်ဆေးကာ ပို့စ် တင် သူကိုလည်း အပူတပြင်း ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

လူမှုကွန်ရက် ပို့စ်တွင် ခြိမ်းခြောက်သူအနေဖြင့် အလုပ်ရှင်က ဘတ် ၆၀၀၀ လိမ်သွားခဲ့သည်ကို ပြန်တောင်းရာ မပေးသောကြောင့် ရဲစခန်းထံ အကူအညီ တောင်းခံခဲ့သော်လည်း အကူအညီမရသဖြင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပိုစ့်တင်ခဲ့သူက ပြန်လည် ရေးသားဖြေကြားထားခဲ့သေးကြောင်း သိရသည်။

Sources & Photo = Want To Tell

Leave a Reply

Your email address will not be published. Required fields are marked *