October 19, 2024

၁၉.၁၀.၂၀၂၄
Translated by Htwe Ko Tun

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အာဏာရလစ်ဘရယ်ဒီမိုကရက်ပါတီ(LDP) ရဲ့ဌာနချုပ်ကို လူတစ်ဦးက မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ် ဒီနေ့ အောက်တိုဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဂျပန်နိုင်ငံရဲ့ အသံလွှင့်ဌာန NHK နဲ့ မီဒီယာတွေက ထုတ်လွှင့်ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိခဲ့ဘူးလို့ သတင်းတွေအရ သိရပါတယ်။

တိုကျိုမြို့ ရဲတပ်ဖွဲ့ က တိုက်ခိုက်မှုနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ စုံ စမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သာ ဆိုပါတယ်။ ရဲတပ်ဖွဲ့က မသင်္ကာသူတစ်ဦးကိုတော့ အချင်းဖြစ်ပွားတဲ့နေရာမှာပဲ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလူက သူ့ရဲ့ကားကို ပါတီဌာနချုပ်ရဲ့ အကာအရံစည်းရိုးနား အထိမောင်းလာခဲ့တာလို့လည်း သိရပြီး တိုက်ခိုက်မှုကို ဘာကြောင့်ပြုလုပ်ခဲ့သလဲဆိုတာတော့ လောလောဆယ်မှာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

LDP ပါတီက သံသယရှိဖွယ်ငွေကြေးထောက်ပံ့မှုနဲ့ အခွန်တိမ်းရှောင်မှုတို့ ပါဝင်ပတ်သက်နေတဲ့ ငွေကြေးအရှုပ်အထွေးတစ်ခုကြောင့် လူထုကြားမှာ လူကြိုက်များမှုကလည်း လျင်မြန်စွာ ကျဆင်းလာနေခဲ့တာပါ။ ပါတီအနေနဲ့ အောက်တိုဘာလ ၁၉ ရက်မှာဖြစ်ပွားခဲ့တဲ့ ပါတီဌာနချုပ်ကို အခုလို တိုက်ခိုက်ခံရမှုအပေါ် တစ်စုံတစ်ရာ ဝေဖန်ပြောကြားတာ မလုပ်သေးဘူးလို့လည်း သိရပါတယ်။

LDP ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲကျရင် အောက်လွှတ်တော်မှာအမတ်နေရာတွေ အများအပြား ဆုံးရှုံးရတော့မလား မပြောနိုင်သေးပေမယ့် ပါတီက မကြာခင်ကရွေးချယ်ခဲ့တဲ့ ဝန်ကြီးချုပ် ရှီဂူရူ အီချီဘာကိုတော့ လူကြိုက်များမှုက ထိုးစိုက်ကျဆင်းလာနေပါတယ်။

LDP က ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာတော့ အဆက်မပြတ် အာဏာရယူထားနိုင်ခဲ့တာပါ။ဒုတိယကမ္ဘာစစ်ကြောင့် ဂျပန်နိုင်ငံ စီးပွားရေးပျက်စီးခဲ့ရတဲ့အခြေအနေကနေ စီးပွားရေးအရ အင်အားကြီးမားတဲ့နိုင်ငံကြီးဖြစ်တဲ့အထိ LDP က ဦးဆောင်နိုင်ခဲ့တယ်လို့ အသိအမှတ်ပြုခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ LDP မှ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ လုပ်ကြံခံခဲ့ရပါတယ်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *