၁၉.၁ဝ.၂ဝ၂၄
Written by K Pyay Thein
ထိုင်း-မြန်မာနှစ်နိုင်ငံရဲ့အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးဟာ အခုနှစ်ပိုင်းကာလတွေကစလို့ လမ်းပိုင်းသွားလာရခက်ခဲမှုတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်စကတွေဟာ
နှစ်ဆခန့်မြင့်တက်လာခဲ့ပြီး ကြန့်ကြာမှုအချို့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ နယ်စပ်ဒေသ ကုန်သည်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။
“အခုကာလမှာ ဘယ်လိုဖြစ်လဲဆိုတော့ စရိတ်စကတွေက တက်လာတယ်။ ဒီလမ်းပိုင်းအခြေအနေကြောင့် ကားခတွေကတက်၊ လမ်းကြေးတွေတက်နဲ့ နောက်ဆုံးတော့ဘယ်မှာသွားထိလဲဆိုရင် စားသုံးသူမှာပဲ သွားထိတယ်။
ဒါကို စားသုံးသူကပဲ ခံပေးလိုက်ရတယ်။ အခု မြဝတီလမ်းပိုင်းအခြေအနေက တစ်ခါတစ်လေရက်နဲ့ချီပြီးသွားလာရတာတွေရှိတယ်။ သဘာဝဘေးကြောင့် သွားမရတာတွေရှိတယ်။ တစ်ခါတစ်ရံ တိုက်ပွဲတွေကြောင့် သွားမရတာတွေရှိတယ်။ ပြောရရင် ကုန်သွယ်မှုမှာ နှောင့်နှေးမှုတွေကတော့ ရှိနေပါတယ်။ နောက်ဆုံး စားသုံးသူဆီရောက်တော့ စရိတ်က နှစ်ဆဖြစ်သွားတယ်။ အဓိက ကလမ်းပိုင်းအခက်အခဲကြောင့်ပါ။ အောက်ကပစ္စည်းပို့ရင်လည်းကြာသလို ဒီကကုန်တွေဆင်းရင်လည်း ပုံမှန်ထက်ရက်ပိုကြာသွားတဲ့သဘောပါ”လို့ နယ်စပ်ကုန်သွယ်ရေးသမားတစ်ဦးက MT News ကို ပြောပြပါတယ်။
အခုနှစ်ပိုင်းအတွင်း ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်-မြဝတီဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာ၊ရေကြီးမြေပြိုမှုတွေကြောင့် မြို့တွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ လမ်းမကြီးတွေ အပါအဝင် မြဝတီ- ဒေါနတောင်ဖြတ်ကျော် ကော့ကရိတ် လမ်းဟောင်းအပိုင်းမှာ သွားလာရခက်ခဲတာ အချိန်စောင့်ဆိုင်းပြီးမှ သွားလာရတာတွေကြောင့်ကုန်သွယ်မှုတွေ နှောင့်နှေးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဟိုးအရင် ကော့ကရိတ်-မြဝတီလမ်းက ရေ အဲ့လောက်မလျှံဘူး။ အခု နောက်ပိုင်းကျတော့ လမ်းပိုင်းမှာ အဆောက်အအုံတွေများလာတယ်။ တောင်တွေကို ဖောက်ပြီး၊ ဖြိုပြီး အဆောက်အအုံတွေကို ဆောက်လာကြတယ်။အဲ့ဒီတော့ မိုးတွင်းဆို ရေကြီး၊ ရေလျှံမှုတွေ ခဏခဏဖြစ်တယ်။ တစ်ခါတစ်ရံ တောင်ပြိုတယ်။ အဲ့လိုအခါမျိုးမှာလမ်းပိုင်းသွားမရတာတွေ၊ အသုံးပြုလို့မရတာတွေရှိတယ်။ လမ်းသစ်ဘက်ကြတော့လည်း တိုက်ပွဲတွေကြောင့် သွားလာလို့မရတာတွေ ရှိတယ်။ ဟိုရက်ကဆို မိုးရွာပြီးတောင်ပြိုတယ်။ သွားလာရေးအပိုင်းမှာ အဲ့လိုအခက်အခဲတွေ အများကြီးရှိပါတယ်”လို့ မြဝတီမြို့ဒေသခံတစ်ဦးက ထပ်လောင်းပြောပြခဲ့ပါတယ်။
လက်ရှိအချိန်ကာလအထိ နယ်မြေဒေသနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အာရှလမ်းမကြီးကို ပိတ်ထားရတဲ့အတွက် ခရီးသည်တင်ကားနဲ့ ကုန်ကားတွေဟာ လမ်းဟောင်းဖြစ်တဲ့ ဒေါနတောင်ဖြတ်ကျော်လမ်းကသာ သွားလာနေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – မြဝတီ-ကော့ကရိတ်လမ်းပိုင်းတစ်နေရာအားတွေ့ရစဉ် (ဓာတ်ပုံ – CJ)