October 19, 2024

၁၉.၁၀.၂၀၂၄
Translated by Htwe Ko Tun

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ပါဝင်တိုက်ခိုက်ဖို့ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့တပ်ဖွဲ့ဝင် ၁,၅၀၀ ခန့်ကို ရုရှားနိုင်ငံကိုစေလွှတ်ခဲ့ပြီး စုစုပေါင်း တပ်ဖွဲ့ဝင် ၁၂,၀၀၀ လောက် ရုရှားကိုစေလွှတ်လိမ့်မယ်လို့ ခန့်မှန်းရတယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဒီမတိုင်ခင်ကလည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ခန့်မှန်းခြေ ၁၀,၀၀၀ လောက် ရုရှားဘက်က ပါဝင်တိုက်ခိုက်ကြလိမ့်မယ်လို့ ထောက်လှမ်းရေးသတင်းတွေ ရရှိတယ်လို့ စွပ်စွဲပြောကြားခဲ့ပါသေးတယ်။

တောင်ကိုရီးယားသမ္မတယွန်ဆတ်ယိုလ်က ဒီလုပ်ဆောင်ချက်က လုံခြုံရေးအခြေအနေကို ခြိမ်းခြောက်မှုပြုဖို့ ရသမျှနည်းလမ်းတွေနဲ့ ဆောင်ရွက်တာပဲလို့ နိုင်ငံတကာအသိုက်အဝန်းကို အောက်တိုဘာလ ၁၈ ရက်မှာ သတိပေးပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားထောက်လှမ်းရေးလုပ်ငန်းဖြစ်တဲ့ NIS က သူတို့အနေနဲ့ ယူကရိန်း ထောက်လှမ်းရေးနဲ့ ပူးတွဲဆောင်ရွက်နေပြီး ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်တက်စ်ခ် ဒေသမှာ မြောက်ကိုရီးယားက ရုရှားကိုထောက်ပံ့ထားတဲ့ မြောက်ကိုရီးယားလုပ် ဒုံးကျည်တွေကိုပစ်ခတ်ရာမှာ မြောက်ကိုရီးယားစစ်ဘက်အရာရှိတွေက ကူညီနေတယ်လို့ ပြောခဲ့ပါတယ်။

ဗီဒီယိုတစ်ခုမှာလည်း လူမှုကွန်ရက်မှ သတင်းသဲလွန်စပြန်လည်ထုတ်ဖော်ရရှိဖို့ လေ့ကျင့်ပေးရန်အတွက် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားစစ်ဖက်အခြေစိုက်စခန်းတစ်ခုကို ရောက်ရှိလာတယ်လို့ ပြသ ထားတာတွေ့ရပါတယ်။

NIS ကတော့ ယူကရိန်းနိုင်ငံထဲမှာ ကျန်ရှိနေတဲ့ လက်နက်ခဲယမ်းအကြွင်းအကျန်တွေကနေ ဖော်ထုတ် တွေ့ရှိချက်အရ မြောက်ကိုရီးယားဟာ အမြောက်ကျည်ဆံတွေ၊ တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ တင့်ဖျက် ဒုံးတွေကို ရုရှားနိုင်ငံသို့ ကုန်သေတ္တာ ၁၃,၀၀၀ ကျော်နဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လက စတင်ပေးပို့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက လက်နက်ကြီးအမြောက်နဲ့ ဒုံးကျည် ကျည်ဆံ ရှစ်သန်းအထိ မြောက်ကိုရီးယားက ရုရှားကိုပေးပို့ခဲ့တယ်လို့ ယုံကြည်ထားပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့က အနီးကပ်မဟာမိတ်တွေအဖြစ် ရှိနေကြပြီး လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း ရုရှားသမ္မတပူတင်ရဲ့ မွေးနေ့တုံးကဆိုရင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပူတင်ကို အနီးကပ်ဆုံး ရဲဘော်ရဲဘက် အဖြစ် ပြောကြားခဲ့ပါတယ်။

NIS ရဲ့ အဆိုပါထောက်လှမ်းရေးသတင်းက အမေရိကန်အစိုးရထံလည်းရောက်သွားတဲ့အခါမှာတော့ အောက် လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာ ကော်မတီက ဒီကိစ္စမှန်မမှန် ရှင်းလင်းဖို့ သူတိုနဲ့ ဆွေးနွေးမှုပြုဖို့ သမ္မတ ဂျိုးဘိုင်ဒန်ကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်အမတ်တွေက တော့ ဒီကိစ္စမှန်ကန်ခဲ့ရင် ယူကရိန်းပဋိပက္ခဟာ ပိုမိုကျယ်ပြန့်လာနိုင်တယ်ဆိုတာ သတိပေးလိုက်သလိုဖြစ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကလည်း ပဋိပက္ခကျယ်ပြန့်လာနိုင်မှုကို ရှောင်ရှားဖို့ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

Ref. The Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *