October 19, 2024

◾ CDF ထန်တလန်စစ်ဦးစီးချုပ် သေဆုံးပြီး ၄ ရက်အကြာတွင် ထပ်မံသေဆုံးခြင်းဖြစ်

၁၉.၁၀.၂၀၂၄
Written By Zun

ချင်းပြည်နယ် ထန်ထလန်နှင့်ဟားခါးတို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော ချင်း PDF များနှင့် ပူးပေါင်း CDF – Zotung အဖွဲ့တို့ လေကြောင်းတိုက်ခိုက်ခံရသောကြောင့် CDF- Zotung ၏ ဒုတပ်ရင်းမှူးနှင့် တပ်စုမှူးတို့ သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးအဖွဲ့ (ဇိုတုန်း)  CDF- Zotung က ထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဒုတပ်ရင်းမှူး ဆလိုင်းထွန် မာန်း(Salai Paw Tung Mang (B_3 ဒုတပ်ရင်းမှူး) ၊ တပ်စုမှူး ဆလိုင်းအားလျန်(Salai Paw Alian (B_2)  တို့ သည် အောက်တိုဘာလ ၁၆ ရက်က ဖြစ်ပွားသည့် သီးမြစ်တိုက်ပွဲ အတွင်းသေဆုံးကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ထန်တလန်မြို့သိမ်း တိုက်ပွဲအတွင်း CDF – Zotung တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၁၃ ရက်ကစ၍ ချင်းပြည်နယ်၊ ဟားခါးနှင့်ထန်တလန်မြို့တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်က အကြမ်းဖက်များကို လေကြောင်းဖြင့် တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဟားခါး – ထန်တလန်မြို့နယ်အကြား အောက်တိုဘာလ ၁၇ ရက်ထိ တိုက်ပွဲပြင်းထန်နေကြောင်း၊ တပ်မတော်က လေကြောင်းမှတိုက်ခိုက်မှုများလည်း ရှိနေကြောင်း ယင်းတို့၏ ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်ကလည်း ထန်တလန် မြို့သိမ်းတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန်၏ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲလ် (Ram Zel) သေဆုံးသွားခဲ့သေးသည်။

ချင်း PDF များ၏ ထန်တလန်မြို့သိမ်းတိုက်ပွဲကာလမှာ ရက်ပေါင်း ၈၀ ကျော်နေပြီဖြစ်ကာ ချင်းလက်နက်ကိုင်များဘက်က သေဆုံးဒဏ်ရာရသူ ရာနှင့်ချီ ရှိနေပြီဖြစ်ကြောင်း မရာ Info က ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *