October 19, 2024

၁၉.၁ဝ.၂ဝ၂၄
Written by K Pyay Thein

ပြည်ပက ဂျပန်တပတ်ရစ် Use ကားတွေ ပြန်လည်တင်သွင်းခွင့်နဲ့ ကားမူဝါဒဆိုင်ရာအပြောင်းအလဲဖြစ်မှသာ ပြည်တွင်းကားဈေးနှုန်းတွေက ပြန်လည် ကျဆင်းနိုင်မယ်လို့ ရန်ကုန်ကားဈေးကွက်အတွင်းမှာ ကားဝယ်ရောင်းလုပ်ကိုင်ကြသူတွေက ပြောပါတယ်။

အခုအောက်တိုဘာလဆန်းပိုင်းအတွင်းမှာ ပြည်တွင်းရွှေ‌‌ဈေးနဲ့ ဒေါ်လာဈေးကျဆင်းမှုတွေ ရှိလာပေမဲ့လည်း ပြည်တွင်းကားဈေးနှုန်းကတော့ သိသိသာသာကျဆင်းလာခဲ့ခြင်းမရှိဘဲ ဈေးနှုန်းတွေဟာ အမြင့်ပိုင်းမှာပဲ ဆက်လက်တည်ရှိ‌နေခဲ့တာဖြစ်ပြီး အောက်ကားတွေဆို ဦးသိန်းစိန်လက်ထက်မှာ သိန်းတစ်ရာဝန်းကျင်ကားတွေက NLD အစိုးရဟောင်းလက်ထက်မှာ သိန်း ၂၀၀ ကျော်ဖြစ်လာပြီး လက်ရှိမှာတော့ သိန်း ၅၀၀ ပတ်လည်ဖြစ်လာတာပါ။ အထက်ကားတွေဆိုလည်း အရင်ထက် လေးဆငါးဆခုန်တက်ပြီး သိန်းထောင်သောင်းချီ မြင့်တက်ကုန်တာပါ။

“အခု ပြည်တွင်းကားဈေးတွေမကျဘူးဆိုတာက ကားတင်သွင်းခွင့်မူဝါဒတွေကြောင့်လည်း ပါပါတယ်။ ပြည်ပကတင်သွင်းတဲ့ကားတွေကို အခုအထိပိတ်ထားတယ်လေ။ အဓိက ကတော့ အရင်လို ဂျပန် Use တစ်ပတ်ရစ်ကားတွေကို တင်သွင်းခွင့်ရှိလာရင်တော့ ပြည်တွင်းကားဈေးနှုန်းက အထိုက် အလျောက် ကျသွားနိုင်တယ်။ အခုက ကားတင်သွင်းခွင့်ပြုထားပေမယ့်၊ ဘယ်ကိုင်းပဲတင်သွင်းရမယ်။ မော်ဒယ်မြင့်ပဲသွင်းရမယ်ဆိုရင် ကားတန်ဖိုးကမြင့်နေမှာပဲလေ။ သူ့ကိုဝယ်ယူရတဲ့ဈေးကလည်း မြင့်တာကိုး။ ဒီကကားတွေရဲ့ဈေးကျဖို့ဆိုတာက အရင်လို ဂျပန် Use ကားတွေကိုပြန်သွင်း
ခွင့်ပြုမှ‌ပဲရမယ်”လို့ ရန်ကုန်မြို့၊ သံသုမာကားဝိုင်းရှိ ဝါရင့်ကားဝယ်ရောင်းတစ်ဦးက MT News ကို ပြောပြပါတယ်။

ဒါ့အပြင် ပြည်တွင်းကားဈေးနှုန်းကျဆင်းလိုတယ်ဆို အရင်လို လေလံကားတွေကို ပြန်ဖွင့်ပေးတာနဲ့ နယ်စပ်ကဝင်လာတဲ့ သိမ်းဆည်းထားတဲ့ လိုင်စင်မဲ့ကားတွေကို လေလံတင်ပြီးတရားဝင်ပြန်ခွင့်ပြုချက်ချပေးတာမျိုးတွေရှိလာမယ်ဆို ပြည်တွင်းကားဈေးနှုန်းက ပြန်ကျလာနိုင်မယ်လို့လည်း သူက ဆိုပါတယ်။

“ကမ်းကူးကားတွေ ဝင်လာရင်တော့ရမယ်။ နောက်တစ်ခါဘာရှိမလဲဆိုရင် လေလံကားတွေပေါ့။ အဲ့ဒါတွေကိုပြန်ဖွင့်ပေးလိုက်လို့ ပြည်တွင်းကားဈေးကွက်ထဲ လေလံကား‌
တွေဝင်လာရင် ကားဈေးက တစ်မျိုးတစ်ဖုံတော့ဖြစ်သွားနိုင်ပါတယ်။ နောက်ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD ကားတွေကို ခပ်စိတ်စိတ်လေးထုတ်လာနိုင်ရင် ကားဈေးကအရင်လို ပြန်ဆင်းသွားနိုင်တယ်။ အခုက ကားဈေးကို ဘယ်သူမှချရောင်းတာမျိုးလည်း မတွေ့ဘူးလေ။ အဓိက ကတော့ အရှုံးမခံချင်တာလည်းပါတာပေါ့”လို့ သူက ထပ်လောင်းပြောပြခဲ့ပါတယ်။

လက်ရှိပြည်တွင်းကားဈေးကွက်မှာလည်း အရောင်းအဝယ်တွေကထင်သလောက်အလုပ်မဖြစ်ဘဲ တကယ်အသုံးလိုတဲ့သူတွေနဲ့ လုပ်ငန်းအတွက်လိုအပ်တဲ့သူတွေသာ ကားတွေကိုတစ်စီးစ၊ နှစ်စီးစဝယ်ယူကြတယ်လို့လည်း ရန်ကုန်ကားဝိုင်းဈေးကွက်အတွင်းက‌နေ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *