October 18, 2024

၁၈. ၁၀. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပလျက်ရှိသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဝါသနာရှင်အဆင့်(ပထမတန်း)အမျိုးသမီးပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ် ညီညာစွာအသုံးပြု၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆိုင်းဝိုင်းအဖွဲ့များ၏ ပံ့ပိုးတီးခတ်မှုနှင့်အတူ အနုသုခုမရသစုံလင်လှသည့် ဆို၊ ငို၊ ပြော အကအလှများဖြင့် ကကြိုးကကွက်စုံလင်စွာ ယှဉ်ပြိုင်ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ ကျင်းပသည့် အခြေခံပညာအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း (အမျိုးသမီး)(ဂီတာ) အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက “ဝေဘာဂီရိ” (ကြိုး) သီချင်းအား ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အတူ ‌နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်သည် ယနေ့တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ လဟာပြင်ဇာ်ရုံ၌ ကျင်းပနေသည့် ၂၅ ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကာ ရန်ကုန်တိုင်းကိုယ်စားပြု “‌ရွှေရန်ကုန်တိုင်း ဇာတ်အလှသဘင်” ဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟာဇနကဇာတ်တော်ကြီး တီးလုံးတီးချက် အကအလှနှင့်အတူ မြန်မာ့ဇာတ်သဘင်ဇာတ်စာ၊ ဇာတ်စကား၊ ဆို၊ ငို၊ ပြော ပညာရပ်များနှင့် ပေါင်းစပ်၍ ယှဉ်ပြိုင်ကဖျော်ဖြေမှုကို ကြည့်ရှု့အားပေးခဲ့သည်။

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား လာမည့် အောက်တိုဘာ ၁၄ ရက် မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် စုစုပေါင်းဦးရေ ၂,၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်

Leave a Reply

Your email address will not be published. Required fields are marked *