October 18, 2024

၁၈. ၁၀. ၂၀၂၄
Written by Nyein Kyaw

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း အဓိကလိုအပ်သည့် သွင်းကုန်ပစ္စည်းများတင်သွင်းမှု မပြတ်တောက်စေရန်အတွက် ဗဟိုဘဏ်မှ ထိုင်းဘတ်သန်း ၂၀၀ နီးပါးနှင့် ဒေါ်လာ ၆ သန်းကျော်အား ရုံးပိတ်ရက်မတိုင်မီ ကြိုတင်ထုတ်ရောင်းပေးထားကြောင်း အောက်တိုဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် သွင်းကုန်များကို ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းကြောင့် မြန်မာကျပ်-ထိုင်းဘတ်၊ မြန်မာကျပ်-တရုတ်ယွမ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ထားပြီးဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

ထို့ကြောင့် သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း အဓိကလူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ တင်သွင်းမှု အဆင်ပြေစေရန်နှင့် ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်မှု မရှိစေရန်တို့အတွက် ထိုင်းဘတ်သန်း ၁၉၉ ဒသမ ၉၉၉ သန်းကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့သလို ဒေါ်လာ ၆ ဒသမ ၀၂၆ သန်း ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ နှစ်လခွဲတွင် ဒေါ်လာ ၃၄၈ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။ အလားတူ ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ထိုင်းဘတ် ၅၆၈ သန်းကျော် ရောင်းပေးခဲ့သလို တရုတ်ယွမ် ၃၁ သန်းခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

အောက်တိုဘာ ၁၅ ရက်တွင် ဗဟိုဘဏ်၏ Online Trading Platform တွင် တစ်ဒေါ်လာလျှင် ၃၅၅၄ ကျပ်၊ တစ်ဘတ်လျှင် ၁၁၅ ဒသမ ၉ ကျပ်နှင့် တစ်ယွမ်လျှင် ၅၁၀ ဒသမ ၅ ကျပ်ဖြင့် ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၄၄၂၀ ကျပ်၊ တစ်ဘတ်လျှင် ၁၃၂ ကျပ်ကျော်နှင့် တစ်ယွမ်လျှင် ၆၂၂ ကျပ် ဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *