October 18, 2024

၁၈.၁၀.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံ ဈေးဝယ်စင်တာတစ်ခုကို ဝင်၍ သေနတ်ဖြင့်ပစ်မည်ဟု အွန်လိုင်းပေါ်က ခြိမ်းခြောက် ရေးသားသူ မြန်မာ လူငယ်အား ထိုင်းရဲတပ်ဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေနေပြီး ယင်း ဈေးဝယ်စင်တာကိုလည်း လုံခြုံရေးတိုးမြှင့်ထားကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၇ ရက်က ထိုင်းနိုင်ငံ Khon Kaen မြို့ရှိ နာမည်ကြီး Central Plaza ရှော့ပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့်ဝင်ရောက်ပစ်ခတ်မည်ဟု မြန်မာနိုင်ငံသားဟုယူဆရသည့် လူငယ်က ခွန်ကယ် Facebook Group ထဲဝင်ရောက်၍ ကျည်ဆန်အပြည့်ဖြည့်ထားသော သေနတ်တစ်လက်နှင့်အတူ ပိုစ့်တင်ခဲ့ပြီးနောက် ယင်းသို့ လုံခြုံရေးတိုးမြှင့်ကာ ပို့စ်တင်သူကိုလည်း လိုက်ရှာနေခြင်း ဖြစ်သည်။

ပို့စ်တင်သူ၏အမည်ကို လူမှုကွန်ရက်တွင် ရှမ်းဘာသာစကားဖြင့် ရေးသားထားသောကြောင့် မြန်မာနိုင်ငံသား ဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားကြောင်း၊ ယင်းက ထိုင်းဘာသာဖြင့် နောက်ထပ် နာရီဝက်အကြာ စင်တာအတွင်း လူ ၅၀ ခန့်ကို ပစ်မည်ဖြစ်ပြီး လူ ၂၀ ခန့် သေနိုင်ကြောင်း၊ သေနတ်ရရှိရန် ၆ လခန့် စောင့်ဆိုင်းခဲ့ရကြောင်းလည်း ရေးသားထားသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

အဆိုပါ ပို့စ်ကြောင့် ၎င်းဈေးဝယ်စင်တာသို့ မသွားရန် ထိုင်းနိုင်ငံသားအချင်းချင်း သတိပေးပြောဆိုမှုများ ရှိနေကာ ရဲတပ်ဖွဲ့ကိုတိုင်ကြားကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ယူ၍ စောင့်ကြည့်စစ်ဆေးနေကြောင်း Khon Kaen ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများတွင် ရေးသားကြသည်။

ပို့စ်တင်သူက ၎င်းအနေဖြင့် အလုပ်ရှင်က ဘတ် ၆၀၀၀ လိမ်သွားခဲ့သည်ကို ပြန်တောင်းရာ မပေးသောကြောင့် ရဲစခန်းထံ အကူအညီ တောင်းခံခဲ့သော်လည်း အကူအညီမရသဖြင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပိုစ့်တင်ခဲ့သူက ပြန်လည် ရေးသားဖြေကြားထားကြောင်း ဒေသတွင်းသတင်းများက ဖော်ပြကြသည်။

ယမန်နေ့က အဆိုပါဈေးဝယ်စင်တာကို ပုံမှန်ထက်အချိန်စော၍ ပိတ်ခဲ့ကြောင်း၊ ဈေးဝယ်စင်တာသို့လာရောက်သူများကို စစ်ဆေးမှုများ အထပ်ထပ်ပြုလုပ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် Facebook လူမှုကွန်ရက်ပေါ်တွင် ပိုစ့်တင်ထားခဲ့သူအား သံသယရှိသူ ဖြစ် မဖြစ် ၊ အကောင့်စစ် ဟုတ် မဟုတ်ကို စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း၊ ၎င်းအပြင် ထိုင်းနိုင်ငံတွင်း နယ်မြေဒေသအားလုံးတွင်လည်း လုံခြုံရေးကို တင်းကျပ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *