October 18, 2024

၁၈.၁၀.၂၀၂၄
Written by Hey Mar

မနှစ်က ၂၀၂၃ ခုနှစ်မှာ ပြန်လည်ကျင်းပဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အခုနှစ် ၂၀၂၄ နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ပြီး အစဉ်အလာမပျက် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပသွားမယ်လို့ မီးပုံးပျံပွဲတော် ဖြစ်မြောက်ရေး ကော်မတီထံကနေ သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၇ ရက်တိုင်အောင်ကျင်းပသွားမှာဖြစ်ပြီး အခက်အခဲတွေများစွာကြားက အခုလို စီစဉ်ကျင်းပဖြစ်ပုံကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက “ပွဲတစ်ခုမှာ နောက်ကနေ ဖြစ်မြောက်အောင် စီစဉ်ရသူတွေကတော့ ပင်ပန်းကြတာထုံးစံပဲ။ ဒါပေမယ့် ပါဝင်ဆင်နွှဲသူတွေက ပျော်ကြရတယ်။ သူတို့ရဲ့ပျော်ရွှင်မှုကလည်း ကျွန်တော်တို့လို နောက်က စီစဉ်ရသူတွေရဲ့ အောင်မြင်ပျော်ရွှင်မှုပဲ။ ရိုးရာအစဉ်အလာတစ်ခုကို မပျက်စီးစေ မရပ်တန့်စေချင်ဘူး။ ပွဲတော်ကာလရာသီမှာ အဖြစ်လုပ်တာမျိုးလည်း မဖြစ်ချင်ဘူး။ ဒါကြောင့် အင်တိုက်အားတိုက် အခုအချိန်မှာ စီစဉ်နေပါတယ်။ လကုန်လောက်ဆို အစီအစဉ်အသေးစိတ် ရုပ်လုံးပေါ်လာတော့မှာပါ” လို့ MT News ကို ပြောပါတယ်။

၂၀၁၉ ခုနှစ်က ပွဲတော်ကျင်းပပြီးနောက်ပိုင်း၊ ကိုဗစ်(၁၉)ကပ်ရောဂါအပါအဝင် ပြည်တွင်းပဋိက္ခတွေကြောင့်ရပ်နားခဲ့ရာကနေ မနှစ်က ၂၀၂၃ ခုနှစ်မှာ ရှမ်းပြည်နယ်အစိုးရက ပြန်လည်ကျင်းပ‌ခဲ့ပြီး စည်ကားသိုက်မြိုက်အောင် ဆောင်ရွက်ခဲ့တာပါ။

တောင်ကြီးမြို့ ဒေသခံခရီးသွားဝန်ဆောင်မှုလုပ်ကိုင်ပေးသူ ကိုဒိုးက ” ကျွန်တော်တို့က ပြည်မထဲကခရီးသွားတွေရော ပြည်ပခရီးသွားတွေရော အလွတ်လာကြတဲ့ ဧည့်သည်တွေကို ကားစင်းလုံးငှား ဝန်ဆောင်မှု ပေးတယ်။ ဟိုတယ် အပါအဝင် တည်းခိုစရာမှအစ ခရီးသည် သုံးချင်တဲ့ ဘတ်ဂျက်နဲ့ ကိုက်အောင် စီစဉ်ပေးတာပေါ့။ မနှစ်က တန်ဆောင်တိုင်ပွဲတော်တောင်ကြီးမှာ ပြန်စတယ်။ အင်းလေး သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲအပြီး တောင်ကြီးဆက်တိုက်လည်စရာပေါ့။မနှစ်က ပြည်တွင်းခရီးသွား‌တွေပဲများတယ်ဆိုပေမယ့် မျှော်မှန်းတာထက် ဧည့်သည် ပိုစည်ကားတယ်။ ဒီနှစ်က အင်းလေးက ရေဘေးဒဏ်ခံရတယ်။ ကလော၊ အောင်ပန်း၊ အပါပေါ့။ ခရီးသွားရာသီမှာ မြို့တွေက နာဖျားနေကြတယ်။ အမှန်ပြောရရင် ဒေသခံတွေမှာ ပူပန်နေကြတော့ စည်ပါ့မလား စိုးရိမ်မိပေမယ့် ပွဲဖြစ်မြောက်တယ်လို့ သိရတာနဲ့ ဝမ်းသာမိတယ်။ ကျွန်တော်တို့ရဲ့ ရိုးရာအစဉ်အလာမို့ ဝိုင်းဝန်းကြမယ်ခင်ဗျ”လို့ သူ့ဆန္ဒကို ပြောပါတယ်။

မီးပုံးပျံပွဲတော်ကို နှစ်စဉ် စဉ်ဆက်မပြတ်ပြန်လည်ကျင်းပမယ်လို့ ရိုးရာမီးပုံးပျံပညာရှင်များအသင်း တာဝန်ရှိသူက ဆိုပါတယ်။ ရိုးရာအစဥ်အလာတွေ မပျောက်ပျက်စေရေးနဲ့ တိုင်းရင်းသားလူမှုစီးပွားရေး‌တွေကို ပြန်လည်မြှင့်တင်နိုင်စေဖို့ရည်ရွယ်ချက်အပြင် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်း‌ တွေ ဖော်ဆောင်မြှင့်တင်နိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်းလည်း အဆိုပါ အသင်းက ပြောပါတယ်။

ရိုးရာမီးပုံးပျံပညာရှင်များအသင်း တာဝန်ရှိသူက “‌ကုန်ဈေးနှုန်းတွေကတော့ တစ်နှစ်ထက် တစ်နှစ် တက်နေမှာပဲ။ ရေမြင့်တဲ့နောက် ကြာကလိုက်ရတာပဲ။ ပွဲတော်မှာ‌တော့ နှစ်တိုင်းလိုပဲ နေ့လွှတ်မီးပုံး ညလွှတ်မီးပုံး ဒါတွေပါမယ်။ ‌ပြိုင်ပွဲတွေလည်း ရှိမယ်။ မနှစ်ကလိုပဲ ရပ်ကွက်အလိုက်၊ ဌာနဆိုင်ရာအလိုက် ကုမ္ပဏီတွေရောပေါ့။ ပူးပေါင်းလုပ်ဆောင်ကြမှာပါ။ အလုံးအရေအတွက်နဲ့ ပါဝင်မယ့် အသင်းအဖွဲ့တွေစာရင်း နီးရင် ထပ်‌ပြောပါ့မယ်ဗျ။ ကျွန်တော်တို့ မြို့ကအေးချမ်းပါတယ်။ အခုလို ပွဲတော်ရာသီဆို ပိုပြီးလှပနေတာမို့ အနယ်နယ်အရပ်ရပ်က ခရီးသွားတွေကိုလည်း လာရောက်လည်ပတ်ကြည့်ဖို့ ဖိတ်ပါတယ်ဗျ”လို့ ဆိုပါတယ်။

တောင်ကြီးမြို့ရဲ့ ရိုးရာတန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် UNESCO တင်သွင်းနိုင်ဖို့ အခုနှစ်မှာ စတင်ကြိုးပမ်းနေသလို ရုပ်ဝတ္ထုပစ္စည်းတွေ ထွန်းကားလာတာနဲ့အမျှ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မိမိတို့ရဲ့ယဉ်ကျေးမှုတွေကို ထိန်းသိမ်းရာမှာ ဒြပ်ရှိအပြင် ဒြပ်မဲ့ယဉ်ကျေးမှုတွေကိုလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ထိန်းသိမ်းလျက်ရှိနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *