October 18, 2024

၁၈.၁၀.၂၀၂၄
Translated by Htwe Ko

အိန္ဒိယအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဟာ ဂျေ့စ့်ဝါလ်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာကို ဘင်္ဂလားဒေ့ရှ်တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ မေးမြန်းမှုတွေကို ဖြေကြားရာမှာ ရှိတ် ဟာစီနာဟာ အိန္ဒိယနိုင်ငံထဲမှာရှိနေပြီး ဆက်လက်နေထိုင် သွားမှာလည်းဖြစ်တယ်လို့ အောက်တိုဘာလ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၊ အဝါမီပါတီ အထွေထွေအတွင်းရေးမှူး အိဘေဒူလ် ကွေဒါနဲ့ အခြား ၄၅ ဦးကို အောက်တိုဘာလ ၁၇ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့မှုနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရရဲ့ သဘောထားကိုလည်း မေးခွန်းအတော်များများထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ရန်ဟာက အိန္ဒိယအစိုးရဟာ သတင်းတွေကို သေချာစွာ စောင့်ကြည့်နေပါတယ်။ ဒီကိစ္စအပေါ် တစ်စုံတစ်ရာ ဝေဖန်ပြောကြားမှု မပြုလုပ်လိုပါဘူးလို့ ဖြေကြားခဲ့ပါတယ်။

ဟာစီနာဟာ အခုအခါ အိန္ဒိယနိုင်ငံထဲမှာရှိနေသေးလား ဒါမှမဟုတ် တခြားနိုင်ငံတစ်ခုခုကို ဆက်ထွက်သွားပြီလားဆိုတာ ခန့်မှန်းချက်တွေရှိခဲ့ပါတယ်။ တချို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကလည်း ဟာစီနာဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံကို ထွက်ခွာသွားခဲ့ပြီလို့ ဖော်ပြခဲ့ကြပါတယ်။ တချို့ကလည်း အိန္ဒိယအစိုးရက ဟာစီနာကို ခရီးသွားအထောက်အထား ထုတ်ပေးခဲ့တယ်လို့ ဆိုကြပါတယ်။

သတင်းစာရှင်းပွဲမှာ ဟာစီနာ ဘယ်မှာရှိလဲဖြေကြားပေးဖို့ သတင်းစာဆရာတွေရဲ့ မေးခွန်းကို ရန်ဟာ ဂျေ့စ့်ဝါလ်က အခုလိုဖြေကြားခဲ့တဲ့အပြင် မကြာခင်က ရရှိတဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုတွေအရ ဟာစီနာဟာ အိန္ဒိယနိုင်ငံအတွင်း ဆက်ရှိနေမယ်လို့ သူကပြောခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက အရင် ရှိတ်ဟာစီနာ အစိုးရလက်ထက်က မတ်လ ၇ ရက်နဲ့ မတ်လ ၁၇ ရက်တို့အပါအဝင် ရှစ်ရက်ကို ပြန်တန်းဝင်အားလပ်ရက်တွေအဖြစ်သတ်မှတ်ခဲ့တာတွေကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ ဒီလိုပယ်ဖျက်မှုအပေါ် အိန္ဒိယအစိုးရက ဝေဖန်ပြောကြားဖို့လည်း ရန်ဟာက ငြင်းဆိုခဲ့ပါတယ်။

ရှိတ်ဟာစီနာက သူ့နိုင်ငံပနေ အိန္ဒိယကို ထွက်ပြေးလာပြီးကတည်းက အိန္ဒိယနိုင်ငံရဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ပြည်ဝင်ခွင့် လုပ်ငန်းစဉ်က ပုံမှန်အခြေအနေပြန်မရောက်သေးပါဘူး။ ဒီအတွက် မေးမြန်းရာမှာလည်း ရန်ဟာက အရေးပေါ်လိုအပ်မှုတွေနဲ့ ဆေးဘက်ဆိုင်ရာကိစ္စတွေအတွက် ပြည်ဝင်ခွင့်တွေကို တော့ အကန့်အသတ်နဲ့ ထုတ်ပေးနေတယ်လို့ဆိုခဲ့ပါတယ်။

ဒါ့ပြင် သူက အိန္ဒိယအစိုးရဟာ မကြာခင်က ကြေညာချက်တစ်ရပ်ထုတ်ခဲ့ပြီး အဲဒီကြေညာချက်မှာ ဟိန္ဒူတွေအပါအဝင် လူနည်းစုဖြစ်တဲ့ လူမျိုးစုတွေကို ဘင်္ဂလားဒေ့ရှ်မှာ တိုက်ခိုက်မှုပြုတာတွေ၊ ဟိန္ဒူတို့ရဲ့ စန္ဒီမယ်တော်ပွဲတော်မှာဖျက်ဆီးတာတွေကို ရှုတ်ချထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရဟာ နိုင်ငံအတွင်း လူမျိုးစုတွေကိုကာကွယ်ဖို့ အာမခံရမယ်လို့လည်း ကြေညာချက်မှာဖော်ပြခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *