October 18, 2024

၁၈.၁၀.၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက ဟားမားစ်တို့ရဲ့ အကြီးအကဲလည်းဖြစ်ပြီး အောက်တိုဘာလ ၇ ရက်က အစ္စရေးနိုင်ငံအတွင်းဝင်ရောက်တိုက်ခိုက်မှုကို ကြီးကြပ်စီစဉ်ခဲ့သူလည်းဖြစ်တဲ့ ဟားမားစ် ခေါင်းဆောင် ယာရာ ဆင်ဝါကို ဂါဇာဒေသမှာ သတ်ဖြတ်နိုင်ခဲ့တယ်လို့ အောက်တိုဘာလ ၁၇ ရက်ညမှာထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဟားမားစ်တို့ရဲ့ အရင် နိုင်ငံရေးဆိုင်ရာခေါင်းဆောင် အစ္စမေးလ် ဟာနီယာဟာ အီရန်နိုင်ငံသို့သွားရောက်စဉ် လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရပြီးတဲ့နောက် အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဆင်ဝါကို ဟားမားစ်တို့ ရဲ့ ဘက်စုံခေါင်းဆောင်အဖြစ် သြဂုတ်လမှာ တာဝန်ပေးခဲ့ကြတာပါ။

အစ္စရေးနိုင်ငံတောင်ပိုင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ ဟားမားစ်တို့ရဲ့ အကြမ်းဖက်ဝင် ရောက်တိုက်ခိုက်မှု လုပ်ရပ်ကို စီစဉ်ခဲ့သူလို့ဆိုကြတဲ့ ယာရာ ဆင်ဝါကို ဂါဇာတောင်ပိုင်း၊ ရာဖာမြို့မှာ အောက်တိုဘာလ ၁၆ ရက်က ပစ်ခတ်မှုတိုက်ပွဲငယ်တစ်ခုအတွင်း သတ်ဖြတ်နိုင်ခဲ့တာလို့အစ္စရေးတပ်ဖွဲ့နဲ့ ရှင်ဘက်လုံခြုံရေးအေဂျင်စီတို့က ပြောခဲ့ကြပါတယ်။

ဆင်ဝါကို တိုက်ရိုက်ပစ်မှတ်ထားတိုက်ခိုက်တာလည်းမဟုတ်တော့ တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ဟားမားစ် အကြမ်းဖက်သုံးဦးကို အောက်တိုဘာလ ၁၇ ရက်နံနက်မှာ စစ်ဆေးမှုတွေ ပြန်လည်လုပ်ပြီးတဲ့အခါကျမှ ဟားမားစ် ခေါင်းဆောင် ယာရာ ဆင်ဝါ ဖြစ်နေတာကို အစ္စရေးတို့ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါ တယ်။

မျိုးဗီဇအခြေခံစစ်ဆေးမှုတွေနဲ့ အခြားသောစမ်းသပ်စစ်ဆေးမှုတွေပါ ပြုလုပ်အပြီးမှာတော့ တိုက်ပွဲမှာ သေဆုံးခဲ့တဲ့သူကို ဟားမားစ်တို့က အမှန်တကယ် သူတို့ရဲ့ခေါင်းဆောင် ယာရာ ဆင်ဝါ ဖြစ်တာကို နောက်ဆုံး အတည်ပြုနိုင်ခဲ့ပါတယ်။

ထောက်လှမ်းရေးသတင်းတွေအရ အဆင့်မြင့် ဟားမားစ်ခေါင်းဆောင်တွေ ဂါဇာဒေသအတွင်း ပုန်း အောင်းနေသေးတယ်လို့သိရတာကြောင့် အစ္စရေးတို့ရဲ့ အမှတ် ၁၆၂ စစ်တိုင်းနဲ့ဂါဇာဒေသစစ်တိုင်းတို့ ဟာ ဂါဇာဒေသအတွင်း စစ်ဆင်ရေးတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ပြုလုပ်ခဲ့ကြတယ်လို့သိရပါ တယ်။

အောက်တိုဘာလ ၁၆ ရက်က ရာဖာမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ဟားမားစ်သုံးဦးရဲ့အလောင်းတွေ တွေ့ခဲ့ရတဲ့အနက် ကျန်နှစ်ဦးကတော့ ဆင်ဝါရဲ့သက်တော်စောင့်တွေဖြစ်ဖွယ်ရှိပြီး သူတို့က ဆင်ဝါ ရှေ့ကနေ ကာကွယ်ပစ်ခတ်ပေးခဲ့ကြတယ်လို့ အစ္စရေးတပ်ဖွဲ့တွေက ပြောပါတယ်။

Ref-The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *