October 18, 2024

၁၇.၁၀. ၂၀၂၄
Written by Shwe Phyo

ထိုင်းအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်း ရှောင်ရှားရန်အတွက် သတိမေ့ကာ သေချင်ယောင်ဆောင်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့တွင် စွဲချက်တင်လိုက်သည်။

မြန်မာနိုင်ငံသားတစ်ဦးဖြစ်သော စိုင်းဝဏ္ဏစိုးသည် Chachoengsao အရပ်ဒေသရှိ ဈေးထဲတွင် မြန်မာနိုင်ငံသားသူငယ်ချင်းတစ်ဦးနှင့်အတူ သွားရောက်ခဲ့ရာမှ ထိုင်းအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ခဲ့ကြာင်း တိုင်တန်းခံခဲ့ရပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ဖြစ်စဥ်တွင် အသက် ၂၃ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦးသည် Bang Wua Temple ဈေးထဲတွင် ဈေးဝယ်ချိန်အတွင်း မြန်မာနိုင်ငံသားနှစ်ဦးမှ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်ရန် ကြိုးပမ်းခြင်းခံရကြောင်း ဈေးအတွင်းရှိ ထိုင်းရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါတိုင်တန်းချက်ကို လက်ခံရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံသားနှစ်ဦးကိုဖမ်းဆီးရန် ကြိုးပမ်းခဲ့ရာ အခင်းဖြစ်နေရာတွင် မြန်မာနိုင်ငံသား စိုင်းဝဏ္ဏစိုး ဆိုသူနှင့် ဝင်းစိုး ဆိုသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးကို အသေးစိတ်စုံစမ်းစစ်ဆေးရန်အတွက် ထိုင်း Bang Pakon ရဲစခန်းသို့ ခေါ်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဝင်းစိုးအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးက အဆိုပါအဖြစ် အပျက်နှင့်ပတ်သက်ပြီး ဘာမှမသိကြောင်း၊ သူငယ်ချင်းဖြစ်သူ အသက် ၂၆ နှစ်အရွယ်ရှိ စိုင်းဝဏ္ဏစိုး ကိုလည်း ထိုင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခြင်းများ မလုပ်ဆောင်ရန် တားမြစ်ခဲ့ကြောင်း၊ သို့သော်လည်း စိုင်းဝဏ္ဏစိုးသည် သတိပေးချက်များကို လက်မခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့တွင် ထွက်ဆိုခဲ့သည်။

ထိုင်းအမျိုးသမီးက စိုင်းဝဏ္ဏစိုးသည် ဈေးထဲတွင် လက်ကိုကိုင်ပြီး လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ထွက်ပြေးရန် ကြိုးပမ်းချိန်တွင် ဈေးအတွင်းရှိ ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးပြီးနောက် ဝင်းစိုးကို ပြန်လွှတ်ပေးခဲ့ပြီး စိုင်းဝဏ္ဏစိုးကို ထပ်မံဖမ်းဆီးထားကာ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချိန်အတွင်း စိုင်းဝဏ္ဏစိုးသည် သတိမေ့ကာ သေချင်ယောင်ဆောင်သည့် ပုံစံမျိုးလုပ်ဆောင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Bang Pakon ရဲစခန်းသည် သတိမေ့နေသော စိုင်းဝဏ္ဏစိုးကို စစ်ဆေးရန်အတွက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ကို ချက်ချင်းခေါ်ယူခဲ့ရကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့က စမ်းသပ်ချိန်အတွင်း စိုင်းဝဏ္ဏစိုးသည် ဖမ်းဆီးထိန်းသိမ်းခံရမှုကိုရှောင်ရှားရန်အတွက် သတိမေ့သေချင်ယောင်ဆောင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် စိုင်းဝဏ္ဏစိုးကို ဆေးရုံပို့ဆောင်ကာ စစ်ဆေးမှုများထပ်မံလုပ်ဆောင်ခဲ့ရာ စိုင်းဝဏ္ဏစိုး၏ အခြေအနေ ကောင်းမွန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထိုင်းရဲတပ်ဖွဲ့သည် စိုင်းဝဏ္ဏစိုးကို လက်ရှိအချိန်တွင် ရဲအချုပ်ခန်းအတွင်းဖမ်းဆီးထားပြီး အမျိုးသမီးတစ်ဦးကို မဖွယ်မရာပြုမှုသော စွဲချက်တင်သွားမည်ဖြစ်ရာ အဆိုပါပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ်အပြင် ငွေဒဏ် ဘတ် ၂သိန်းအထိ ပြစ်ဒဏ်ချမှတ်ခွင့်ရှိနေကြောင်း သိရသည်။

REf, Thaiger

Leave a Reply

Your email address will not be published. Required fields are marked *