October 18, 2024

◾ ထိုင်းမူးယစ်အဖွဲ့က ကွင်းဆက်များ လိုက်လံစုံစမ်းနေ

၁၇.၁၀.၂၀၂၄
Written By Zun

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ဂိုဒေါင်နှစ်လုံးအတွင်းမှ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည်ဟုယူဆရသော မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြု ဓာတုပစ္စည်း (ကုန်ကြမ်း) တန်ချိန် (၈၃၀) ကို သိမ်းဆည်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။

သက်ဆိုင်ရာသို့ပေးပို့ရရှိသော သတင်းများအရ ယနေ့ အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက နယ်ခြားစောင့် ရဲတပ်ခွဲ ၃၄၆၊ မဲဆောက်ခရိုင် စက်မှုလုပ်ငန်းဦးစီးဌာနနှင့် DSI မှ တာဝန်ရှိသူများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဘုတ်အဖွဲ့မှ အရာရှိများပါ ပူးပေါင်းအဖွဲ့က မဲဆောက်မြို့၊ မဲဆောက်ရပ်ကွက်ရှိ ဂိုဒေါင်တစ်လုံးနှင့် မဲ ဆောက်မြို့နယ်၊ မဲ့ကစာကျေးရွာအုပ်စု၊ အမှတ်(၆) မဲ့ကုစမ်ထောက်ကျေးရွာရှိ ဂိုဒေါင်တစ်လုံးတို့ကို ရှောင်တခင် ဝင်ရောက်ရှာဖွေစဉ် အထက်ပါအတိုင်း တွေ့ရှိ သိမ်းဆည်းမိခြင်းဖြစ်ကြောင်း သိရသည်။

မဲဆောက်ရပ်ကွက်ရှိ ဂိုဒေါင်အတွင်းမှ ဓာတုပစ္စည်းကုန် ကြမ်းများထည့်ထားသည့် ပေပါ အလုံး ၃၆၀ နှင့် မဲ့ကု စမ်ထောက်ကျေးရွာရှိ ဂိုဒေါင်အတွင်းမှ ပေပါ (၄၄၁၈) လုံး၊ စုစုပေါင်း တန်ချိန်(၈၃၀)တို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း၊ အဆိုပါ ဓာတုပစ္စည်းကုန်ကြမ်းမှာ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည့် ပစ္စည်းများ ဖြစ်နိုင်ကြောင်း ထိုင်း နိုင်ငံ ရဲတပ်ဖွဲ့က ကောက်ချက်ချထားကြောင်း သိရသည်။

ယင်းဓာတုပစ္စည်းကုန်ကြမ်းများကို သယ်ယူ၍ မြန်မာ နိုင်ငံဘက်ခြမ်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်ပြီး တရား မဝင် လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ပြန် လည်ပို့ဆောင်မည့်အခြေအနေဖြစ်နိုင်ကြောင်း ထိုင်းရဲ တပ်ဖွဲ့က ယူဆထားသည်ဟု ဒေသတွင်းသတင်းများကဆိုသည်။

ယင်းဓာတုပစ္စည်းကုန်ကြမ်းများကို သိုလှောင်ထားသည့် ဂိုဒေါင်မှာ ထိုင်းနိုင်ငံသားများပိုင်သော ဂိုဒေါင် ဖြစ်သော ကြောင့် ဂိုဒေါင်ပိုင်ရှင်နှစ်ဦးကို မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီး၍ ဆက်စပ်သူများအား ကွင်းဆက်လိုက်လံစုံစမ်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံမူးယစ်ရဲတပ်ဖွဲ့ အနေဖြင့် ပြီးခဲ့သည့် သြဂုတ်လအတွင်းကပင် ဓာတုပစ္စည်းများသယ်ယူသိုလှောင်မှုများပြုလုပ်နေကြောင်း သတင်းများရရှိထားပြီး ယင်းကာလကပင် ခြေရာခံစုံစမ်းနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Sources& Photo- pptvhd36 , matichon

Leave a Reply

Your email address will not be published. Required fields are marked *