◾ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍတိုက်ခိုက်ခံရခြင်းက နိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသောသက်ရောက်မှု ကြုံခဲ့ရ
၁၆.၁၀. ၂၀၂၄
Written by Shwe Phyo
PDF များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ကျန်းမာရေးဝန်ထမ်းများကို တပ်မတော်နှင့် မပူးပေါင်းရန် သတိပေး ခြိမ်းခြောက်ခြင်းများရှိခဲ့ကြောင်း၊ ပဋိပက္ခအတွင်းကျန်းမာရေးကဏ္ဍကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ်စောင့်ရှောင်ရေးညွန့်ပေါင်းအဖွဲ့ (SHCC) က ပြောသည်။
SHCC ၏ ပြောကြားမှုအရ ယခုနှစ် ဇူလိုင်လအတွင်း ကျန်းမာရေးဝန်ထမ်းများကို သတိပေးခြိမ်းခြောက်သည့်စာ ငါးခုကို တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များက ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါသတိပေးစာထဲတွင် ကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်းများမလုပ်ကိုင်ရန်နှင့် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းခြင်းများ မလုပ်ဆောင်ရန် သတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ကျန်းမာရေးဝန်ထမ်းငါးဦးသည် တပ်သတင်းပေးအဖြစ် စွပ်စွဲခံရကာ ဖမ်းဆီးခံခဲ့ရပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းဖြစ်ပွားသော ဖြစ်စဉ်နှစ်ခုနှင့် ကချင်ပြည်နယ်အတွင်းဖမ်းဆီးခံရသောဖြစ်စဉ်များအတွင်း ကျန်းမာရေးဝန်ထမ်းငါးဦးပြန်ပေးဆွဲခံခဲ့ရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖမ်းဆီးခံရသော ကျန်းမာရေးဝန်ထမ်းများအနက် နှစ်ဦးက လူနာတင်ယာဉ်မောင်းဖြစ်ပြီး တပ် သတင်းပေးအဖြစ် စွပ်စွဲခံရကာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခံရခြင်းဖြစ်ကာ ဖမ်းဆီးခံရပြီးနောက် သီတင်းပတ် နှစ်ပတ်အကြာတွင် နှစ်ဦးစလုံးသေဆုံးခဲ့သည်ဟု လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ကြောင်း SHCC အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင်ကျန်းမာရေးဝန်ထမ်းများ ဖမ်းဆီးခံရမှုဖြစ်စဉ်သည် ၂၀၂၃ ခုနှစ်အတွင်း လေးဆခန့်မြင့်တက်ခဲ့ပြီး ၂၀၂၂-၂၃ ခုနှစ်များအတွင်း ဆရာဝန်၊ သူနာပြု၊များအပါအဝင် ကျန်းမာရေးဝန်ထမ်းများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းများရှိခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းများသည် CDM လှုပ်ရှားမှုတွင်ပါဝင်ခြင်း၊ CDM လှုပ်ရှားမှုပါဝင်ရန် ငြင်းဆန်ခြင်း စသည့် အချက်များနှင့်ဆက်နွှယ်၍ သတိပေးခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများရှိခဲ့ကြောင်း ပဋိပက္ခအတွင်းကျန်းမာရေးကဏ္ဍကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ်စောင့်ရှောင်ရေးညွန့်ပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ တိုက်ခိုက်ခံရခြင်းသည် နိုင်ငံ၏ကျန်းမာရေးစနစ်အပေါ်ကြီးမားသောသက်ရောက်မှုများဖြစ်လာစေခဲ့ကြောင်းလည်း SHCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံရေးအာဏာအငြင်းပွားမှု မဖြစ်ပွားခင်အချိန်တည်းက မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်က အားနည်းပြီး ကာလရှည်စွာ ရင်းနှီးမြှုပ်နှံမှုအားနည်းခြင်းကို ခံခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်မတိုင်ခင်က မြန်မာနိုင်ငံတွင် လူဦးရေ ၁၀၀၀ လျှင် သမားတော်တစ်ယောက်နှုန်းသာရှိခဲ့ပြီး အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများထဲတွင် အနည်းဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ကြောင်း SHCC ကဖော်ပြထားသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု ဂျီဒီပီ၏ ပျှမ်းမျှတန်ဖိုး ၃ ဒသမ ၁၅ရာခိုင်နှုန်းကိုသာ ကျန်းမာရေးအတွက် အသုံးပြုခဲ့ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆေးကုသမှုခံယူရန် လိုအပ်ချက် ပိုမိုတိုးတက်လာခဲ့သော်လည်း ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း၌ အစိုးရ၏ကျန်းမာရေးအသုံးစရိတ်က ၃၆ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်းလည်း SHCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတိုက်ခိုက်ခံရခြင်းသည် ယခင်ချိနဲ့ ပြီးသား ကျန်းမာရေးစနစ်ကို ပိုမိုဆိုးရွားလာစေပြီး ဆေးဝါးကုသမှုခံယူရန်လိုအပ်သောပြည်သူများအတွက် ဆေးကုသမှုများလက်လှမ်းမီရန် ဆိုးရွားသောအတားအဆီးများကို ဖန်တီးပေးသလိုဖြစ်ခဲ့ကြောင်း၊ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသောဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အလွန်အမင်း လိုအပ်နေကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ တိုက်ခိုက်ခံရခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများမှာ စိတ်ပိုင်းဆိုင်ရာဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ကြောင်း၊ SHCC က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ထိုင်းနှင့်မြန်မာနယ်စပ်ဒေသဖြစ်သော ကယားပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာနေရာများတွင် ငှက်ဖျားအတည်ပြုလူနာအရေအတွက် ၁၀၀၀ ရာခိုင်နှုန်း တိုးလာနေပြီး ငှက်ဖျားရောဂါကုသဆေးရရှိရန် လိုအပ်ချက်ကလည်းတိုးပွားလာနေကြောင်း SHCC က ပြောသည်။
ငှက်ဖျားရောဂါကုသဆေး လက်လှမ်းမိသောနေရာများတွင်လည်း ၂၀၂၂-၂၃ ခုနှစ်က ငွေကြေးဖောင်းပွမှုနှုန်း ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ဆေးဝါးများလက်လှမ်းမီရန် စီးပွားရေးအရ အတားအဆီးများဖြစ်စေခဲ့ကြောင်း သိရသည်။ ထို့အတူ တီဘီရောဂါ၊ ဆီးချိုရောဂါ၊ HIV ရောဂါအတွက် အေအာတီဆေး တို့အပါအဝင်ရောဂါများအတွက် ဆေးဝါးရရှိရန်ခက်ခဲနေဆဲဖြစ်ကြောင်းလည်း SHCC ၏ ဖော်ပြမှုအရ သိရသည်။