October 18, 2024

၁၇.၁၀. ၂၀၂၄
Written by Shwe Phyo

SAC အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်သွားရောက်မည်ဟု တပ်မတော် နှင့်နီးစပ်သော အရင်းအမြစ်နှစ်ဦးက ပြောဆိုခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့မှုအရ သိရသည်။

တပ်နှင့်နီးစပ်သောသတင်းရင်းမြစ်တစ်ဦးက” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ခဲ့တယ်။ အဲဒီခရီးစဉ်ဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သြဂုတ်လအတွင်း လာရောက်ခဲ့ပြီးနောက် စီစဉ်ခဲ့တာဖြစ်တယ် ” ဟု ပြောသည်။

ထို့အပြင် စစ်တပ်နှင့်နီးစပ်သောအခြားသတင်းရင်းမြစ်တစ်ဦးကလည်း ” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လာမယ့် လမှာ တရုတ်နိုင်ငံကိုသွားရောက်ဖွယ်ရှိနေပါတယ်။” ဟပြောသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး AFP သတင်းဌာနက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ” လက်ရှိအချိန်မှာအဲဒီမေးခွန်းနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေမရသေးဘူး။ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာမေးမြန်းပါ”ဟု တုံ့ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်းအထီးကျန်ဖြစ်နေခဲ့သော မြန်မာအစိုးရကိုစစ်လက်နက်ပစ္စည်းများ အဓိကကူညီပေးခဲ့သလို အဓိကအရေးပါသော မဟာမိတ်လည်းဖြစ်သည်။ လေ့လာသုံးသပ်သူများက တရုတ်အစိုးရသည် တရုတ်နှင့်မြန်မာနယ်စပ်ဒေသပိုင်နက်များကို ထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ဆက်ဆံရေးထိန်းသိမ်းထားကြောင်း သုံးသပ်ပြောဆိုကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ကျင်းပရန်စီစဉ်နေသည့် ရွေးကောက်ပွဲကို ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သောသြဂုတ်လအတွင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

REf, AFP

Leave a Reply

Your email address will not be published. Required fields are marked *