၁၆.၁၀.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်၏ ရာမ (၉) လမ်းနယ်မြေရှိ ကွန်ဒိုမီနီယံတစ်ခုတွင် အမျိုးသမီးငယ်တစ်ဦးမှာ အဆောက်အအုံ၏ ၁၂ ထပ်မြောက်မှ အောက်တိုဘာလ ၁၅ ရက်ညပိုင်းက ပြုတ်ကျ၍သေဆုံးခဲ့ရကြောင်း သိရသည်။
ထိုအမျိုးသမီး၏ခန္ဒာကိုယ်ကို ကွန်ဒိုမီနီယံ၏ ငါးထပ်မြောက်တွင် အများပြည်သူတို့အတွက် သတ်မှတ်ထားသောနေရာ၌ ပြန်လည်တွေ့ရှိခဲ့သည်။ အဆောက်အအုံက Ramkhamhaeng လမ်းဆုံအနီးတွင် ရှိကာ ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် ထိုသို့ဖြစ်ပျက်ခဲ့ရခြင်းဟု ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကပြောခဲ့သည်။
အသက် ၂၀ နှစ်မှ ၃၀ နှစ်အကြားရှိမည့် ထိုအမျိုးသမီးငယ် ဝတ်ထားသော ဘလောက်အင်္ကျီက ကြယ်သီးများပြုတ်နေကာ အဝတ်အစားများလည်း ကစဉ့်ကလျားဖြစ်နေပြီး အတွင်းခံ ဘောင်းဘီတိုသာ ဝတ်ဆင်ထားကြောင်းလည်းတွေ့ခဲ့ရသည်။ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများရထားခဲ့ကြောင်း ရှေးဦးစစ်ဆေးမှုများ၌ တွေ့ခဲ့ရသည်။
စုံစမ်းစစ်ဆေးချက်များအရ ထိုအမျိုးသမီးက ကွန်ဒိုမီနီယံ၏ ၁၂ ထပ်မြောက်တွင် ၎င်း၏ ယောင်္ကျားလေးသူငယ်ချင်းနှင့်အတူနေထိုင်ကြောင်း သိရသည်။ အဖြစ်အပျက်ကို မျက်မြင်ကြားသိခဲ့ရသူများက ထိုအမျိုးသမီး ပြုတ်မကျမီ ၁၂ ထပ်မှ စကားများ အော်ဟစ်သံများကြားခဲ့ရကြောင်း၊ ဖြစ်ရပ်ကို ဗီဒီယို ရိုက်ကူးထားလိုက်နိုင်သူတစ်ဦး၏ ဗီဒီယို၌လည်း အမျိုးသမီးငယ်ပြုတ်ကျသွားချိန်တွင် ၁၂ ထပ်မြောက်၏ ဝရံတာ၌ လူတစ်ဦး ရပ်နေကြောင်းတို့ကို တွေ့ခဲ့ရသည်။
အမျိုးသမီးငယ်၏ ယောင်္ကျားလေးသူငယ်ချင်းကလည်း ရဲတပ်ဖွဲ့ထံ ထိုဖြစ်ရပ်မတိုင်မီ ၎င်းတို့နှစ်ဦး အချင်းများခဲ့ကြကြောင်း၊ ၎င်းက သဝန်တိုမှုကြောင့်ဖြစ်ကြောင်း၊ အမျိုးသမီးငယ်က ယခင်ကလည်း ထိုသို့ဖြစ်ကြောင်း၊ အမျိုးသမီးငယ်က ယခင်ကလည်း ထိုသို့ ခုန်ချမည်ဟု ခြိမ်းခြောက်ခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ ၎င်းအနေနှင့်မတားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဘန်ကောက်မြို့၏ ဟွာမက်ခရိုင် ရဲတပ်ဖွဲ့က ထိုသို့ ကွန်ဒိုမီနီယံမှ ပြုတ်ကျသေဆုံးရမှုအပေါ် ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Ref- The Thaiger