၁၆.၁၀.၂၀၂၄
Written by Hey Mar
သမီးယောက်ဖချင်း စကားများရာက ဓားထိုးမှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက်မှာ မနေ့က အောက်တိုဘာ ၁၅ ရက် ည ၁၀နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ အုတ်တွင်းနယ်မြေခံ ပရဟိတအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ကသစ်တန်းရပ်ကွက်၊ အနောက်လမ်း နေအိမ်တစ်အိမ်မှာ အိမ်ချင်းကပ်လျက်နေထိုင်တဲ့ ကိုဇေယံထွန်းနဲ့ သမီး ယောက်ဖတော်စပ်သူတို့ စကားများရာက ကိုဇေယံထွန်းရဲ့ လက်ဝဲ ရင်အုံကို ဓားနဲ့ထိုးသွင်းဒဏ်ရာ(၂)ချက်၊ လက်ဝဲ နံစောင်းကို ထိုးသွင်းဒဏ်ရာ(၁)ချက်၊ လက်ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ(၃)ချက် ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဘာအကြောင်းအရင်းကြောင့် စကားများရန်ဖြစ်ကြတယ်တော့ မသိရဘူး။ စကားများထိုးကြိတ်ကြရာက ယောက်ဖတော်သူက ဓားနဲ့ ထိုးသွားတာ။ သက်ဆိုင်ရာကျွန်တော်တို့ကို အကြောင်းကြားလို့ လူနာသွားကောက်တော့ အိမ်ထဲမှာသွေးတွေနဲ့ လဲနေတာ။ ညက အုတ်တွင်းဆေးရုံကနေ ခုမနက် တောင်ငူဆေးရုံကို လွှဲလိုက်လို့ ပို့ပေးနေပါတယ်” လို့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။
ဓားထိုးမှု ကျူးလွန်သူတရားခံကို အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှ ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေးအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။