၁၆.၁၀.၂၀၂၄
Written by Hey Mar
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ တောင်တက်ကားခဈေးနှုန်းနဲ့ ကေဘယ်ယာဉ်စီးခနှုန်းထားတွေ အခုနှစ် ဘုရားပွဲတော်ရာသီဖြစ်တဲ့ ဒီနေ့ အောက်တိုဘာ ၁၆ ရက်က စတင်ကာ တိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။
တိုးမြှင့်လိုက်တဲ့ နှုန်းထားတွေက တောင်တက်ကားခ ယာဉ်နောက်ခန်းဈေးနှုန်း တစ်ဦးလျှင် ကျပ် ၇၀၀၀ နဲ့ ရှေ့ခန်းဈေးနှုန်းက ကျပ် ၉၀၀၀ ဖြစ်ကာ စင်းလုံးငှားပါက ကျပ် ၂၈၀၀၀၀ ကျသင့်မယ်လို့ သိရပါတယ်။
ဆံတော်ရှင် ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဥ်အသင်း ကော်မတီဝင် ကိုစိုးကျော်က “ကျွန်တော်တို့က သက်ဆိုင်ရာ နယ်မြေခံ တာဝန်ရှိသူတွေကို အစည်းအဝေးမှာ တင်ပြပြီး လူကြီးတွေက ဒီရွေ့ဒီမျှလောက်တော့ တိုးလိုက်ပါလို့ ခွင့်ပြုမှ တိုးခွင့်ရှိတာပါ။ ကိုယ့်သဘောနဲ့ကိုယ် ကောက်ခံခွင့် မရှိပါဘူး ခင်ဗျာ။ ခေတ်ကာလအခြေအနေအရ ဆီဈေးနှုန်းတွေလည်း မြင့်လာတယ်။ နောက်ပြီး မော်တော်ယာဉ် အထွေထွေကုန်ကျစရိတ်တွေ တာယာတစ်လုံးရဲ့ ဈေးနှုန်းကလည်း အရင်ကထက် ၃ ဆလောက်ဖြစ်နေတယ် ။ ဒါတွေကြောင့် တိုးမြှင့်ကောက်ရတာပါ။ မနှစ်က နောက်ခန်း ၅၀၀၀ ရှေ့ခန်း ၇၀၀၀ အခုက ၂၀၀၀ စီ တက်သွားတာပါ”လို့ MT Newsကို ပြောပါတယ်။
ကေဘယ်ယာဉ်စီးခနှုန်းထားတွေက ပြည်တွင်းဘုရားဖူးတစ်ဦးလျှင် အတက် ကျပ် ၂၀၀၀၀ အဆင်းကို ကျပ် ၁၀၀၀၀ လို့ သိရှိရပြီး ကေဘယ်ယာဉ်က မနှစ်ကထက် နှစ်ဆခန့် တက်သွားတယ်လို့ ကျိုက်ထီးရိုးဂေါပက ဥက္ကဋ္ဌက ဆိုပါတယ်။ ပြည်ပဘုရားဖူးတွေအတွက် ကေဘယ်ယာဉ်နှုန်းထားက အတက် ၁၅ ဒေါ်လာနဲ့ အဆင်း ၅ ဒေါ်လာလို့ သိရပါတယ်။
ကိုဗစ်ကာလ နောက်ပိုင်း မကျင်းပဖြစ်ခဲ့တဲ့တဲ့ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို အခုလ အောက်တိုဘာ ၁၇ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး၊ မိုးတွင်းကာလ ရေတိုက်စားမှုတချို့ကြောင့် ပျက်စီးမှုအနည်းငယ်ရှိခဲ့တဲ့ ခြေလျင်တောင်တက်လမ်းကို ဒေသခံ အပါအဝင် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့က ပူပေါင်းပြီး ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ရေတိုက်စားမှုကြောင့် ပြိုကျခဲ့တဲ့ တောင်ကားလမ်း မြေထိန်းနံရံ ပြုပြင်ခြင်းနဲ့ လမ်းပန်းကြံ့ခိုင်ရေး၊ ယာဉ်ကြံ့ခိုင်ရေးတွေကို စဉ်ဆက်မပြတ် ကြည့်ရှုစစ်ဆေးနေပြီး ဘုရားဖူးလာပြည်သူတွေ လုံခြုံဘေးကင်းစေရေး အထူးအလေးအထား ဆောင်ရွက်ထားရှိကြောင်း သိရှိရပါတယ်။
ကျိုက်ထီးရိုးဘုရားကို ဆယ့်နှစ်ရာသီပတ်လုံးလာရောက်ဖူးမြော်နိုင်ပြီး မိုးလေကင်းလွတ်ကာ ပွင့်လင်းရာသီဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်အထိ ၇ လတာ ပွဲတော်ကာလကတော့ ဘုရားဖူးဧည့်သည် အဝင်များပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ကျိုက်ထီးရိုးစေတီတော်ကို အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြော်သူ ၇၂၂၀၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ပြီး အဲ့ဒီထဲကမှ ပြည်ပဘုရားဖူး လေးရာကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၂-၂၀၂၃ ခုနှစ် ဘုရားဖူးရာသီက ဘုရားဖူးဧည့်သည် နှစ်သိန်းနီးပါးသာ ဝင်ရောက်ခဲ့ပြီး အဲ့ဒီထဲမှာ ပြည်ပ ဘုရားဖူးဧည့်သည်က ၃၀၀၀ ကျော်ပါရှိခဲ့ပါတယ်။