◾ KTLA လက်နက်ကိုင်များ သတ်ဖြတ်နေသည့် သက်သေများ ရရှိထားသလို အခြား ရာဇဝတ်မှုများလည်း ကျူးလွန်ထားကြ
၁၅. ၁၀. ၂၀၂၄
Written by Nay Moe
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အခြေစိုက်လှုပ်ရှားသည့် ကော်သူးလေတပ်မတော်(KTLA)၊ ဆာကဆောတပ်မဟာ လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူတချို့ကို မတရားဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေသည်ကို စုံစမ်းတွေ့ရှိရသည်ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DMSC) က ယနေ့ ထုတ်ပြန်သည်။
လမ်းလုပ်သား ၂၅ ဦးကို သတ်ဖြတ်မှုဖြင့် KNU က ထုတ်ပယ်ခံရသော နယ်ဒါးမြ တည်ထောင်ထားသည့် KTLA တပ်ဖွဲဝင်များအနေဖြင့် ဒေသခံ အရပ်သားများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်နှင့် ပတ်သက်၍ DMSC ရရှိထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာကနေ အလုပ်သွားရန် ထွက်လာသည့် ရွှေ့ပြောင်း ရွှေအလုပ်သမား သုံးဦးကို KTLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။
သတ်ဖြတ်ခံရသူ သုံးဦးမှာ အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး၊ အသက် ၃၈ နှစ်အရွယ် ကိုလှမြင့်နှင့် အသက် ၂၂ နှစ်အရွယ် ကိုကျော်ဇောလင်းတို့ ဖြစ်ကြပြီး အိမ်ထောင်ဦးစီးများဖြစ်ကြသည့် ယင်းတို့သုံးဦး သတ်ဖြတ်ခံလိုက်ရသည့်အတွက် ကျန်ခဲ့သည့် မိသားစုဝင်များမှာ ကလေးငယ်များနှင့် ဒုက္ခပေါင်းစုံ ကြုံနေကြရသည်။
ထို သုံးဦးကို KTLA ၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊ တပ်ခွဲ (၅)ရဲ့ တပ်ဖွဲဝင်များက ခိုင်လုံသည့် မည်သည့် သက်သေအထောက်အထားမျှမရှိဘဲ တပ်သတင်းပေးလုပ်သည်ဆိုသည့် မဟုတ်မမှန်စွပ်စွဲချက်ဖြင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဦးကျော်အေး၊ ကိုလှမြင့်နှင့် ကိုကျော်ဇောလင်းတို့ သုံးဦးသည် မည်သည့် SAC လက်အောက်ခံ တပ်ဖွဲ့နှင့်မျှ ပတ်သက်မှုမရှိဘဲ သာမန်လက်လုပ်လက်စား အလုပ်သမားတွေသာဖြစ်သည့်အကြောင်း ရွာခံများနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲဝင်တချို့က DMSC ထံ အတည်ပြုထားသလို ထို သုံးဦးထဲက ကိုလှမြင့်ကို KTLA တပ်ဖွဲဝင်များက ရက်ရက်စက်စက် သတ်ဖြတ်နေသည့် ရုပ်သံ မှတ်တမ်းနှင့် သတ်ဖြတ်မှုတွင် ကိုယ်တိုင်ကျူးလွန်ပါဝင်ခဲ့သည့် KTLA တပ်ဖွဲ့ဝင်တစ်ဦးမှ ဝန်ခံထွက်ဆိုထားသည့် ရုပ်သံမှတ်တမ်းတို့ကိုလည်း DMSC က လက်ခံရရှိထားသည်ဟု ဆိုသည်။
ထို့အတူ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့တွင်လည်း ထားဝယ်မြို့ပေါ်မှ ထားဝယ်အရှေ့တောဒေသသို့ ခဲနှင့် သံထည်ပစ္စည်းများလာဝယ်သည့် ဦးဆန်နီ၊ ဦးသန်းကြွယ်နှင့် ဦးမြင့်လွင်တို့ သုံးဦးကို ထားဝယ်မြို့နယ်၊ ပကာရီ ကျေးရွာတွင် KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။
ထို့နောက် လိုက်လံရှာဖွေရာ အောက်တိုဘာ ၈ ရက်နေ့တွင် သတ်ဖြတ်ခံထားရသည့် ထိုသုံးဦး ရုပ်အလောင်းများကို KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) စစ်ဆေးရေးဂိတ်အနီးတွင် တွေ့ရှိခဲ့ရသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံမှတစ်ဆင့် သိခဲ့ရသည်။
ဦးဆန်နီ၊ ဦးသန်းကြွယ်နှင့် ဦးမြင့်လွင်တို့ သုံးဦးသည် သာမန်အရပ်သားများသာဖြစ်ပြီး KTLA တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရသည့်အတွက် အဆိုပါ သတ်ဖြတ်မှုကို KTLA အနေဖြင့် တာဝန် ခံရမည်ဖြစ်သည်။ သို့သော်လည်း KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) တာဝန်ရှိသူများအနေဖြင့် အဆိုပါဖမ်းဆီး သတ်ဖြတ်မှုနှင့် နှစ်ခုနှင့် ပတ်သက်ပြီး တစ်စုံတရာ ဖြေရှင်းမှု မရှိသေးပေ။
အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် အထက်ပါ ရာဇဝတ်မှုနှစ်ခုသည် DMSC အနေဖြင့် အချက်အလက် အခိုင်အမာရရှိထားသည့် ကျူးလွန်မှုနှစ်ခုသာဖြစ်ပြီး အချက်အလက် အတည်မပြုနိုင် သေးသည့် တခြားရာဇဝတ်မှုများကိုလည်း KTLA တပ်ဖွဲဝင်တချို့ ကျူးလွန်ထားသည်ဟု စုံစမ်းသိရှိရကြောင်းနှင့် အရပ်သားပြည်သူများအပေါ် လက်လွတ်စပယ် ဖမ်းဆီးသတ်ဖြတ်နေသည့် KTLA လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ ယခုလို လုပ်ရပ်များအပေါ် အပြင်းအထန် ဆန့်ကျင်ကန့်ကွက် ရှုတ်ချကြောင်း၊ ကော်သူးလေတပ်မတော်(KTLA) ဌာနာချုပ် တာဝန်ရှိသူများနှင့် ဆာကဆောတပ်မဟာ တာဝန်ရှိသူများအနေဖြင့် မိမိတို့ လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ ပြည်သူအပေါ် ရာဇဝတ်မှုကျူးလွန်နေမှုများကို မျက်လုံး အစုံမှိတ် လက်ပိုက်ကြည့်မနေဘဲ အချိန်မှီ တားဆီး၊ စစ်ဆေးအရေးယူကြဖို့ရန် တောင်းဆိုကြောင်း၊ တစ်ဆက်တည်းတွင် ညီနောင် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း KTLA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့တိုင်း၏ ပြည်သူတွေအပေါ် ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များကို ဝိုင်းဝန်းထုတ်ဖော် ဆန့်ကျင်သွားကြဖို့လိုကြောင်းလည်း DMSC က တိုက်တွန်းထားသည်။