October 15, 2024

၁၅. ၁၀. ၂၀၂၄
Written by Nyein Kyaw

အကြမ်းဖက်သမားများ ရပ်ကွက်၊ ကျေးရွာများသို့ စိမ့်ဝင်ရောက်မှုမရှိစေရေးနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှုမရှိစေရေး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့တွင် စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မှာကြားခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် စနစ်တကျဖွဲ့စည်းထားရန်၊ ပြည်သူအားလုံး ပါဝင်ပူးပေါင်းလာစေရေးအတွက်လည်း စည်းရုံးဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ ထို့အပြင် အဆိုပါ အဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအသိအမြင်များ အမြဲမပြတ်ရှိနေရန် လိုအပ်သည့်အခြေအနေများအား SAC ဒုဥက္ကဋ္ဌက မှာကြားခဲ့သည်။

ထို့နောက် အကြမ်းဖက်သမားများအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ စိမ့်ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များက ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စောင့်ကြည့်နေရန်လိုအပ်သည့်အခြေအနေများ ကြပ်မတ်ဆောင်ရွက်ရန် SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှသာလျှင် လုံခြုံရေးသည် ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်းနှင့် မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *