October 15, 2024

၁၅.၁၀.၂၀၂၄
Written by Hey Mar

လူနာတင်ယာဉ်တစ်စီး လှော်ကားဥယျာဉ်လမ်းမှာ ချောက်ထဲ ထိုးကျတိမ်းမှောက်ရာက ယာဉ်မောင်းသေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၁၅ ရက် မနက် ၁၁ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ လှော်ကားလမ်း၊ ဂိတ်(၁) အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကို မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ‌နယ်မြေခံ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူက ပြောပြရာမှာ အဆိုပါ လူနာတင်ယာဉ်မှာ လသာမြို့နယ် အပိုင် ရန်ကုန်ဆေးရုံကြီးရှေ့မှာ ရပ်ထားတတ်တဲ့ အခကြေးငွေယူမောင်းနှင်တဲ့ ယာဉ်ဖြစ်ကြောင်း၊ ပရဟိတယာဉ်မဟုတ်ကြောင်းနဲ့၊ အခုဖြစ်စဉ်မှာလည်း ကားပျက်တာကြောင့် ကုန်းဆင်းအတိုင်း လှိမ့်ချပြီး ကားကို စက်နှိုးရာက မတော်တဆ ဖြစ်တာ‌ဖြစ်ကြောင်း MT Newsက စုံစမ်းမေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

နယ်မြေခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ” သူက ယာဉ်မောင်းဆိုတော့ ဘေးတံခါးဖွင့်လျက် တွန်းတယ်။ သူ့ကားပေါ်က အဖော်ပါလာသူတွေက နောက်ကတွန်းတယ်။ အရှိန်ရလာတော့ ကားပေါ်ကိုဆွဲတက်ရာမှာ စတီယာရင်ကို ဆွဲလှည့်ချသလို ဖြစ်ပြီး ချောက်ဘက် ထိုးကျတာမှာ ကားနဲ့အတူပါသွားတာ။ ချောက်က မနက်ပေမယ့် လူကကားအောက်ရောက်နေလို့ ထောက်ကြန့်မီးသတ်က ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ပေးရပါတယ်”လို့ ဆိုပါတယ် ။

‌ဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ ယာဉ်မောင်းကို ပါရမီရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်နဲ့ အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *