October 15, 2024

၁၅.၁၀. ၂၀၂၄
Written by Shwe Phyo

သြစတြေးလျအစိုးရသည် လက်ရှိဖြစ်ပွားလျက်ရှိနေသည့်တိုက်ပွဲများကြောင့် သက်ရောက်မှုများရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၉ သန်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

သြစတြေးလျအစိုးရက မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေများနှင့် လူသားချင်းဆိုင်ရာစာနာမှုအခြေအနေများ ဆိုးရွားနေခြင်းကို စိုးရိမ်မိကြောင်းလည်း ပြောသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လူပေါင်း ၃ ဒသမ ၄ သန်းကျော် နေရပ်စွန့်ခွာနေထိုင်နေရပြီး နိုင်ငံတဝှမ်းရှိ လူပေါင်း ၁၈ ဒသမ ၆ သန်းမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်နေကြောင်း သိရသည်။

သြစတြေးလျအစိုးရအနေအဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို သြစတြေးလျ မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် ကူညီပေးသွားမည်ဖြစ်သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက “မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရတယ်။ မြန်မာပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် အကြမ်းဖက်မှုတွေနဲ့ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်။ သြစတြေးလျအစိုးရဟာ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီးသက်ရောက်မှုတွေ ရင်ဆိုင်နေရသူတွေကို ကူညီထောက်ပံ့ပေးသွားမယ်။ မြန်မာနိုင်ငံကို အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းဖို့၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ကန့်သတ်ခြင်းမရှိဘဲ ပေးပို့ခွင့်ပေးဖို့၊ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်” ဟုပြောသည်။

သြစတြေးလျအစိုးရသည် ၂၀၁၇ ခုနှစ်နောက်ပိုင်းတည်းက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်သူများအတွက် အမေရိကန်ဒေါ်လာ သန်း ၈၈၀ ကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။

REf miragenews

Leave a Reply

Your email address will not be published. Required fields are marked *