October 15, 2024

၁၅.၁ဝ.၂ဝ၂၄
Written by K Pyay Thein

ကျန်ရှိနေသေးတဲ့သူတွေအတွက် လူဦးရေ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို အခုအောက်တိုဘာလကုန်အထိ ရက်ထပ်မံတိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပြီး လက်ရှိအချိန်အထိ ၉၀ ရာခိုင်နှုန်းအထိ ကောက်ယူပြီးစီးပြီဖြစ်တယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သန်းခေါင်စာရင်းကောက်ယူ‌ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

တိုင်း‌‌ဒေသကြီးနဲ့ ပြည်နယ်အများစုမှာ လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုတွေဟာ ၉၀ ခန့်ပြီးစီးနေပြီဖြစ်ပေမဲ့ အချို့သော ဝေးလံခေါင်ဖျားတဲ့ နေရာဒေသတွေမှာတော့ လုံခြုံရေးနဲ့လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေအရ သန်းခေါင်စာရင်းကောက်ယူမှုရက်ကို ထပ်မံတိုးမြှင့်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခု ကျွန်‌တော်သိရလောက်ဆို တော်တော်များများကောက်ယူပြီးပြီ။ ၉၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ။ အခုရက်ထပ်တိုးကောက်မယ်ဆိုတာက ကောက်ယူဖို့ကျန်ရှိနေသေးတဲ့‌နေရာတွေနဲ့ အဲ့ဒီ‌‌ဒေသမှာရှိတဲ့သူတွေအတွက် ကောက်ယူဖို့ဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက MT News ကို ပြောပါတယ်။

ဒါ့အပြင် အိမ်အကြောင်းအရာလူဦးရေ သန်းခေါင်စာရင်းကောက်ယူရာမှာ လူဦးရေအချက်အလက်ဆိုင်ရာတွေကိုသာ မေးမြန်းကောက်ယူမှုတွေပြုလုပ်နေပြီး လူမှုကွန်ရက်ပေါ် ထွက်ပေါ်နေတဲ့ အခြားသော အ‌ကြောင်းအရာဆိုင်ရာမေးမြန်းမှုတွေကိုတော့ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့တချို့က မေးမြန်းတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။

“အိမ်ကို သန်းခေါင်စာရင်း လာကောက်သွားကြတယ်။ အိမ်မှာရှိတဲ့ လူဦးရေရယ်၊ သားသမီး၊ အိမ်သား‌‌တွေရဲ့အလုပ်အကိုင်အကြောင်းပဲ မေးသွားကြတာပါ။ အခြားမိသားစုပိုင်ဆိုင်မှုတွေ ဝင်ငွေအကြောင်းတွေ မမေးပါဘူး။ အိမ်မှာလူဘယ်နှစ်ယောက်နေလဲပဲ အဓိက‌ထားမေးသွားတာပါ”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

အစက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု‌တွေကို အောက်တိုဘာလ ၁ ရက်နေ့က စတင်လို့ ၁၅ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်တယ်လို့ အသိပေးကြေညာထားပေမယ့် လက်ရှိမှာတော့ ကျန်ကောက်(ကျန်ရှိနေသေးတဲ့သူ)တွေကို ကောက်ယူနိုင်ဖို့အတွက် ထပ်မံရက်တိုးမြှင့်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

သမိုင်းအချက်အလက်တွေအရ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွေကို မြန်မာနိုင်ငံက ၁၈၇၂ ခုနှစ်ကစတင်လို့ ကောက်ယူခဲ့တာဖြစ်ပြီး (၁၀)နှစ်တစ်ကြိမ် ပုံမှန်ကောက်ယူခဲ့တာဖြစ်ပါတယ်။

ဒါဟာမြန်မာနိုင်ငံအတွင်း အမှန်တည်ရှိနေတဲ့ လူဦးရေနဲ့အိမ်အကြောင်းအရာ ကိန်းဂဏန်းအချက်အလက်‌တွေကို တိတိကျကျသိရှိနိုင်ဖို့အတွက် ကွင်းဆင်းကောက်ယူ‌နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံနယ်နိမိတ်အတွင်းရှိနေသူအားလုံးကို စာရင်းကောက်ယူသွားမယ်လို့ သိရပြီး သန်းခေါင်စာရင်းကောက်ယူချိန်မှာ ပိုင်ဆိုင်မှု‌‌တွေနဲ့ပတ်သက်လို့ အခွန်ကောက်ခံတာ၊ အရေးယူတာတို့ကို လုံးဝပြုလုပ်မှာ မဟုတ်ဘူးလို့လည်း နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“အခု သန်းခေါင်စာရင်းကောက်ယူတဲ့စနစ်က တက်ဘလက်နဲ့‌ တစ်ခါထဲ ကောက်တယ်။ အရင်လို On Paper စာရွက်နဲ့ လိုက်ကောက်တာမျိုးမဟုတ်ပါဘူး။ တက်ဘလက်ထဲက ဆော့ဝဲလ်မှာ တစ်ခါတည်း အချက်အလက်တွေ ဖြည့်သွားတာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရကလည်း E -Government ကို သွားနေပုံရပါတယ်”လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ထပ်လောင်းပြောပြခဲ့ပါတယ်။

သမိုင်းမှတ်တမ်း အချက်အလက် သန်း‌ခေါင်စာရင်းတွေအရ မြန်မာနိုင်ငံရဲ့လူဦးရေဟာ ၁၈၉၁ ခုနှစ်မှာ ၈ သန်းကျော်၊ ၁၉၁၁ ခုနှစ်မှာ ၁၂ သန်းကျော်၊ ၁၉၂၁ ခုနှစ်မှာ ၁၃ သန်းကျော်၊ ၁၉၃၁ ခုနှစ်မှာ ၁၄ သန်းကျော်၊ ၁၉၄၁ ခုနှစ်မှာ ၁၆ သန်းကျော်အထိရှိခဲ့ပြီး အဲ့ဒီနောက် ၁၉၇၃ ခုနှစ်မှာ လူဦးရေ ၂၉ သန်းခန့်၊ ၁၉၈၃ ခုနှစ်မှာ လူဦးရေ ၃၅ သန်းကျော်နဲ့ နောက်ဆုံးကောက်ယူခဲ့တဲ့ ၂၀၁၄ ခုနှစ်ရဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့စုစုပေါင်းလူဦးရေက ၅၁ ဒဿမ ၄၉ သန်းဖြစ်ပြီး လူဦးရေတိုးနှုန်းက ဝ ဒဿမ ၈၉ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

Photo – CJ

#ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု #လူဦးရေ#သန်းခေါင်စာရင်း #အိမ်အကြောင်းအရာ #ရက်တိုးမြှင့် #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *