October 15, 2024

၁၅.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဘန်နျူးမြို့မှာ အစ္စလမ်အမျိုးသမီးတွေရဲ့ ဘာကာဝတ်စုံတွေ ဝတ်ဆင်ပြီး အမျိုးသမီးတွေအသွင်ဟန်ဆောင်ထားတဲ့ အစ္စလာမ်စစ်သွေးကြွတွေက ဈာပနအခမ်းအနားကျင်းပနေတဲ့ ပါကစ္စတန် ရဲတပ်ဖွဲ့စခန်းတစ်ခုကို အောက်တိုဘာလ ၁၄ ရက်က အသေခံဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ ရဲအရာရှိ လေးဦးသေဆုံးခဲ့ရပြီး အကြမ်းဖက်စစ်သွေးကြွငါးဦးစလုံးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Tehreek-e-Taliban Pakistan လို့ ခေါ်ကြတဲ့ ပါကစ္စတန်တာလီဘန်အဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့အဖွဲ့ ပြုလုပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားရာနေရာကလည်း အာဖဂန်နစ္စတန်နယ်စပ်မှ ၂၅ မိုင်(ကီလိုမီတာ ၄၀) သာ ကွာဝေးပါတယ်။

ရဲအရာရှိတွေက ဒီမတိုင်မီတစ်ရက်က စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တဲ့သူတို့ရဲ့လုပ်ဖော်ကိုင်ဘက်တစ်ဦးရဲ့ ဈာပနအခမ်းအနားကို ကျင်းပနေတုံးမှာ စစ်သွေးကြွတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုက အောက်တိုဘာလ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်သီး ဆွေးနွေးပွဲကို အစ္စလာမ္မာဘတ်မြို့မှာ မကျင်းပမီ တစ်ရက်အလိုမှာ ဖြစ်ခဲ့ရတာပါ။ အစ္စလာမ္မာဘတ်မြို့ကိုတော့ အသွားအလာတွေပိတ်ဆို့ကာ လုံခြုံရေးတင်းကျပ်ထားစဉ်မှာ ကရာချိမြို့တောင်ပိုင်းမှာ တရုတ်အင်ဂျင်နီယာတွေရဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့မှုကြောင့် တရုတ်အင်ဂျင်နီယာနှစ်ဦးသေဆုံးမှု၊ ဘလူးချိစတန်ပြည်နယ်မှာ ကျောက်မီးသွေးတွင်းအလုပ်သမား ၂၀ ကို လက်နက်ကိုင်တွေက ဝင်ရောက်သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

Ref- Arab News

Leave a Reply

Your email address will not be published. Required fields are marked *