October 15, 2024

၁၅. ၁၀. ၂၀၂၄
Written by Thettant

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာမှာ အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်အချိန် ဆီသယ်သင်္ဘောပေါ်ကနေ B29 ဆီသိုလှောင် သင်္ဘောထံ ဆီထည့်နေစဉ် မီးလောင်ကျွမ်းခဲ့မှုမှာ လူ ၈ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ကြက်စားပြင်ရပ်ကွက်ကဆိပ်ကမ်းမြေနေရာမှာရှိတဲ့ ဦးသိန်း…ဆိုသူ ပိုင်ဆိုင်တဲ့ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းက ဆီသင်္ဘောတာဝန်ခံ ဦးနေ….ဆိုသူ တာဝန်ယူထားတဲ့ နံပါတ် 3. MT ဆီသယ်သင်္ဘောပေါ်ကတစ်ဆင့် အလျား ၂၄၀ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၉ ပေရှိတဲ့ B29 ဆီသိုလှောင်သင်္ဘောထံ ဆီထည့်နေချိန် B29 ဆီသိုလှောင်သင်္ဘောပေါ်က ဒီဇယ်လီတာ ၅၀၀၀၀၊ ဓာတ်ဆီလီတာ ၅၀၀၀၀ မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်ကြောင့် အမျိုးသား ၈ ဦးသေဆုံးပြီး အမျိုးသားသုံးဦး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သလို သေဆုံးသူ ၈ ဦးထဲမှာ တစ်ဦးကတော့ ဆေးရုံရောက်မှ သေဆုံးတာလို့လည်း သိရပါတယ်။

မီးလောင်ကျွမ်းတဲ့နေရာသို့ သန္ဓေတပ်ဖွဲ့ဝင်(၅၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးနဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအပြင် ပတ်ဝန်းကျင်ပြည်သူတွေကပါ ကူညီငြှိမ်းသတ်ခဲ့ရပြီး မီးငြှိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ်(၃)စီး၊ အထောက် အကူပြုယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ပိုလန်မီးသတ်ယာဉ်(၁)စီး၊ အမြှုပ် မီးသတ်ယာဉ်(၁) စီးတို့နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ရာမှာ အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီ ၄၀ မိနစ် အချိန်ခန့်မှ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အချိန် ၁၆ နာရီခန့်ကြာအောင် လောင်ကျွမ်းခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *