October 15, 2024

၁၅.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒေါက အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ အဓိကကျတဲ့ အမှားတစ်ခုကို ပြုလုပ်လျက်ရှိတယ်လို့ အောက်တိုဘာလ ၁၄ ရက်မှာ စွပ်စွဲပြောကြားမှုပြုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ၂၀၂၃ ခုနှစ်တုံးက ကနေဒါနိုင်ငံမှာ ဆစ်ခ်ခွဲထွက်ရေးသမားတစ်ဦး အသတ်ခံခဲ့ရမှုမှာ နှစ်နိုင်ငံ အချင်းများမှုကလည်း အပြန်အလှန် သံအမတ်တွေနှင်ထုတ်ကြတဲ့အထိ အရှိန်မြင့်တက်လာခဲ့ပါတယ်။

ကနေဒါနိုင်ငံသားအဖြစ်ခံယူထားတဲ့ ဟာဒိဆင်းနစ်ဂျာ ဟာ ၂၀၂၃ ခုနှစ်အတွင်း ကနေဒါနိုင်ငံမှာ အသတ်ခံရပြီးတဲ့နောက် အိန္ဒိယနဲ့ ကနေဒါအကြား တင်းမာမှုတွေက တဖြည်းဖြည်းနဲ့ မြင့်မားလာခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက်မှာတော့ နှစ်ဖက်အစိုးရတွေက နှစ်နိုင်ငံသံတမန်တွေကို အပြန်အလှန် နှင်ထုတ်ကြတဲ့အဆင့်ထိ ရောက်လာခဲ့ကြပါတယ်။

ကနေဒါရဲတပ်ဖွဲ့ရဲ့ စုံစမ်းထောက်လှမ်းမှုမှာ အိန္ဒိယအစိုးရသူလျှိုတွေက ကနေဒါနိုင်ငံအတွင်း အကြမ်းဖက်မှုလှုပ်ရှားဆောင်ရွက်တာတွေမှာ ပါနေတာတွေ့ရတယ်ဆိုပြီး အောက်တိုဘာလ ၁၄ ရက်မှာတော့ အိန္ဒိယသံတမန်ခြောက်ဦးကို ကနေဒါနိုင်ငံမှ နှင်ထုတ်ခဲ့ပါတယ်။ ထရူးဒေါက ဒီလိုအိန္ဒိယအစိုးရသူလျှိုတွေ ကနေဒါနိုင်ငံအတွင်း အများပြည်သူလုံခြုံရေးခြိမ်းခြောက်တဲ့ဆောင်ရွက်မှုတွေမှာ ပါဝင်နေတာ ရှင်းလင်းပြည့်စုံတဲ့ အထောက်အထားတွေရရှိထားတယ်လို့ သတင်း ထောက်တွေကို ပြောခဲ့ပါသေးတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ နယူးဒေလီမြို့ရှိ အိန္ဒိယအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယာယီမဟာမင်းကြီးတစ်ယောက်အပါအဝင် ကနေဒါသံတမန်ခြောက်ဦးကို အိန္ဒိယနိုင်ငံမှ အောက်တိုဘာလ ၁၉ ရက်မတိုင်မီ ထွက်ခွာကြဖို့ အောက်တို ဘာလ ၁၄ ရက်မှာပဲ ပြန်လည်အမိန့်ထုတ်ခဲ့ပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ အိန္ဒိယအစိုးရသူလျှိုတွေ ကနေဒါနိုင်ငံအတွင်း ဟာဒိ ဆင်းနစ်ဂျာကိုသတ်ဖို့ လှုပ်ရှားဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ကနေဒါအစိုးရစွပ်စွဲချက်ဟာ လုံးဝမဟုတ်မှန်ဘူးလို့ ငြင်းပယ်ခဲ့တဲ့အပြင် ကနေဒါအစိုးရအနေနဲ့ စွပ်စွဲချက်မှန်တယ်လို့ အထောက်အထားရှိရင် ထုတ်ပြပါလို့တောင် စိန်ခေါ်တုံ့ပြန်ခဲ့ပါတယ်။

အသတ်ခံခဲ့ရတဲ့ ဟာဒိ ဆင်းနစ်ဂျာက အိန္ဒိယမှာ ဆစ်တို့ရဲ့ လွတ်လပ်သော ခါလိစတန်နိုင်ငံအဖြစ် ခွဲထွက်ထူထောင်နိင်ဖို့ ထောက်ခံသူပါ။ သူ့ကို အိန္ဒိယမှာ အကြမ်းဖက်သမားတစ်ဦးအနေနဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက သတ်မှတ်ထားခဲ့ပါတယ်။

ဒါကြောင့်လည်း အိန္ဒိယအစိုးရကလည်း ထရူးဒေါအစိုးရအနေနဲ့ ကနေဒါနိုင်ငံအတွင်း အိန္ဒိယသံတမန်တွေနဲ့ လူ့အဖွဲ့အစည်းခေါင်းဆောင်တွေကို အနှောင့်အယှက်ပေး၊ ခြောက်လှန့်၊ ခြိမ်းခြောက်မှုတွေပြုဖို့ အကြမ်းဖက်သမားတွေနဲ့ အစွန်းရောက်တွေကို နေရာပေးထောက်ပံ့ထားတယ်လို့ ပြန်လည်စွပ်စွဲမှုပြုခဲ့ပါတယ်။

ကနေဒါအနေနဲ့ အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် ဆစ်ခ်အစွန်းရောက်တွေကို အစပြုလက်ခံပေးတာမျိုးမလုပ်ဖို့ အိန္ဒိယအစိုးရက ပြောလာတာလည်း နှစ်ပေါင်းအတော်ကြာပါပြီ။ ဒါပေမယ့် ကနေဒါအစိုးရကတော့ ဒီတောင်းဆိုချက်ကို ငြင်းဆန်လာခဲ့တာပါ။

Ref- AFP, Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *