October 15, 2024

၁၅.၁ဝ.၂ဝ၂၄
Written by K Pyay Thein

ရေဘေးဒဏ်သင့်ခဲ့တဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့မှာ ရေစီးနဲ့မျောပါသွားခဲ့တဲ့ ရုပ်အလောင်း ၁၂ လောင်းအထိ ပြန်လည်ဆယ်ယူပြီး သင်္ဂြိုဟ်မြုပ်နှံပေးခဲ့ရတယ်လို့ အဲ့ဒီ‌ဒေသကို အကူအညီတောင်းခံမှုကြောင့် သွားရောက်ကူညီ‌ပေးနေကြတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

“ပေါင်းလောင်းချောင်းတစ်လျှောက် ရေနစ်မြုပ်သေဆုံးသွားခဲ့တဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေဆယ်ယူ မြုပ်နှံ‌ပေးခဲ့ပါတယ်။ ဘုန်းကြီးတစ်ပါးနဲ့ လူဆယ့်တစ်ယောက် ကုသိုလ်ပါ။ မြင်တွေ့ခဲ့ရတာအရ ပေါင်းလောင်းချောင်းကို သစ်ပင်ဝါးပင်တွေ ပိတ်ဆို့သွာပြီး ရေလမ်းကြောင်းပိတ်နေပုံပါ။ လေးငါးမိုင်ပိတ်နေတဲ့ မြစ်ကြောင်းတစ်လျှောက်မှာ အထက်ရွှေတွင်းက ရေစီးနဲ့မျောပါခဲ့သူတွေ လမ်းရွာတစ်လျှောက် အိမ်မျော လူပျောက်တွေက ဒီဒိုက်ပုံတွေအောက်မှာ ရှိ‌နေခဲ့တာပါ။ ရွာခံတွေဘက်က ဘယ်နားမှာဘာရှိတယ်ဆိုပြီးပြောလိုက်၊ ဘယ်နေရာမှာ ဘာရှိတယ်ဆိုပြီးပြောလိုက် ကျွန်တော်တို့က သွားဆယ်လိုက်၊ လုပ်လိုက်နဲ့ ကျွန်တော်တို့ ကုသိုလ်တော်တော်လုပ်ခဲ့ပါတယ်”လို့ ရန်ကုန်အခြေစိုက် ပရဟိတသမားတစ်ဦးက ပြောပါတယ်။

အဲ့ဒီဒေသဟာ မြစ်ကြောင်းဘေးက တောင်ကုန်းတွေနဲ့ ချောက်ကမ်းပါးဘေးတွေကိုဖြတ်ပြီး ခက်ခက်ခဲခဲသွားရတဲ့နေရာဖြစ်သလို ဝေးလံခေါင်ဖျားတဲ့ နေရာဖြစ်တာကြောင့် ပြန်လည်ထူ‌ထောင်ရေးအတွက် အကူအညီတွေများစွာလိုအပ်နေတဲ့ဒေသဖြစ်တယ်လို့လည်း သိရပါတယ်။

“ရွာနှစ်ရွာကိုရောက်ဖို့ အတော်လေး ခက်ခက်ခဲခဲ ခရီးသွားခဲ့ရပါတယ်”လို့ ပရဟိတသမားတစ်ဦးက ဆက်ပြီး ပြောပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်လောင်းမြို့က ကူညီကယ်ဆယ်ရေးခရီးစဉ်မှာ ပရဟိတအသင်းအဖွဲ့တွေကို ဦးစီးအုပ်ချုပ်တဲ့ Y.R.O ရဲ့လမ်းညွန်မှုအရ ဒဂုံဆိပ်ကမ်း မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်၊ ယုဇနဥယျာဥ်မြို့တော်အခြေစိုက် ပိတောက်ကွေ့လူမူကူညီရေးအသင်းနဲ့ ဝန်းရံမှူးလူမူကူညီရေးအသင်းတို့က ခရိုင်(၃)ခရိုင်မှူးဦးစီးတဲ့ အရေးပေါ်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကူညီလုပ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပရဟိတ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေရဲ့မှတ်တမ်းတွေအရ အခုဆယ်ယူမြုပ်နှံပေးခဲ့တဲ့ရုပ်အလောင်းတွေဟာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ပင်လောင်းမြို့နယ်၊ ပေါင်းလောင်း၊ နမ့်မွန်၊ ကျောင်းကုန်း၊ ဆီဆုံကုန်း အစရှိတဲ့ရွာတွေရဲ့အထက်ဘက်က မျောပါလာတဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။

စက်တင်ဘာ ၉ ရက်လောက်က စတင်တိုက်ခတ်တဲ့ မုန်တိုင်းရာဂီကြောင့် မြန်မာနိုင်ငံမှာ လတ်တလောစာရင်းအရ လူ ၅၂၀ သေဆုံးထားရသလို ပျောက်ဆုံးနေသူတွေလည်း အများအပြားရှိနေဆဲဖြစ်ပါတယ်။

Photo – CJ

#ရှမ်းပြည် #ပင်လောင်း #ရေဘေးဒဏ်သင့် #ရှာဖွေ#ကယ်ဆယ်ရေး #ပရဟိတ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *