October 15, 2024

၁၅. ၁၀. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်းမှ NUG လက်အောက်ခံ ကလေး PDF များဖြစ်သည့် ကလေးမြို့နယ် ပကဖအဖွဲ့က အောက်တိုဘာ ၁ ရက်နေ့တွင် သံဃာတော်လေးပါးကို ဖမ်းဆီးထားပြီး ယနေ့ နှစ်ပတ်ကြာသည့်အထိ ပြန်လွှတ်မပေးသလို သတ်ဖြတ်လိုက်ခြင်း ရှိ မရှိကိုလည်း မသိရှိရတော့ကြောင်း သိရသည်။

ထို့အတူ ကလေးမြို့နယ် ပကဖအဖွဲ့မှ သံဃာတော်လေးပါးကို ဖမ်းဆီးထားသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် တမူးခရိုင် သံဃာနာယက ဆရာတော်ဥူးဇနက က NUG ထံ အောက်တိုဘာ ၉ ရက်က တောင်းဆိုထားသည့် စာတစ်စောင်မှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

အဆိုပါတောင်းဆိုစာတွင် ကလေးမြို့နယ် ပကဖအဖွဲ့က အောက်တိုဘာ ၁ ရက်နေ့တွင် ကလေးမြို့နယ်၊ ရန်မျိုးအောင်ရွာ ရန်မျိုးအောင်ကျောင်းဆရာတော်နှင့် တောရဆောက်တည်နေသော လက်ဆေးကန် တောရဆရာတော်တို့ နှစ်ပါးကိုလည်းကောင်း၊ ဇိုလင်းရွာ ဇိုလင်းဆရာတော်နှင့် ကံအောင်ရွာ ကံအောင်ဆရာတော်တို့ နှစ်ပါးကိုလည်းကောင်း ဖမ်းဆီးခဲ့ကြောင်း၊ သံဃာ တော်များသည် ဝါတွင်းကာလ ဝါပန်ထားသဖြင့် ခုနစ်ရက်ထက်ကျော်ပါက ဝါကျိုးကာ ဝိနည်းမညီတော့ကြောင်း၊ ထို့ကြောင့်တရားဥပဒေနှင့်အညီစီစစ်ပြီးပါက သံဃာတော်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဖော်ပြထားသည်။ သို့သော် လူမှုကွန်ရက်တွင်မူ အောက်တိုဘာ ၆ ရက်ကတည်းက ကံအောင်ဆရာတော် လွတ်မြောက်လာသည်ဟု ရေးသားကြသည်တချို့ ရှိသော်လည်း တမူးခရိုင်မဟနဥက္ကဋ္ဌက အောက်တိုဘာ ၉ ရက်မှ ဖမ်းဆီးခံဆရာတော် ၄ ပါး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သဖြင့် ထိုသို့သော အချိန်ဝိဝါဒကွဲပြားမှုအပေါ် MT News သတင်းဌာနက လတ်တလော အတည်မပြုနိုင်သေးချေ။

“အောက်တိုဘာ (၁)ရက်နေ့မှာ ခရစ်ယာမ် PDF တွေကကျောင်းထိုင်ဘုန်းကြီး (၄)ပါးကို ဖမ်းသွားတယ်။ ခုထိ သတ်လိုက်ပြီလား ရှင်နေတုန်းလား မသိရဘူး။စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်က ရန်မျိုးအောင် ရွာကျောင်း ဆရာတော်၊ လက်ဆေးကန်တောရကျောင်း ဆရာတော်၊ ဇိုလင်းရွာကျောင်း ဆရာတော်၊ ကံအောင် ကျေးရွာ ဆရာတော်။ ဒီနိုင်ငံရေး အလှုပ်အခတ်မှာခရစ်ယာမ်လက်နက်ကိုင်တွေနဲ့ အနောက်နိုင်ငံအထောက်အပံ့ခံ PDF တွေက ရဟန်းသံဃာတွေကိုပစ်မှတ်ထားသတ်ဖြတ်မှုတွေ လုပ်နေကြတာဟာရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ ဘာသာရေးဂျီဟတ်ပဲ။နိုင်ငံရေးနဲ့ရောပြီး ဘာသာရေးမစ်ရှင် လုပ်နေကြတာ(သတ်ပုံမူရင်း) “ဟုလည်း လူမှုကွန်ရက်အသုံးပြုသည့် ဆရာတော်တစ်ပါးက သံဃာတော်လေးပါးကို ကလေး PDF များဖမ်းဆီးလိုက်သည့်အပေါ် မှတ်ချက်ပြုထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း NLD၊ CRPH၊ NUG နှင့် PDF များကို မထောက်ခံသည့် ရဟန်းသံဃာနှင့်သီလရှင်များကို PDF များက လိုက်လံသတ်ဖြတ်နေပြီး ယနေ့ကာလအထိ သံဃာအပါး ၉၀ ကျော်နှင့် သီလရှင် ၁ ပါးသတ်ဖြတ်ခံထားရသလို ရဟန်းသံဃာ ၅၀ ခန့်မှာလည်း PDF များ ဖမ်းဆီးသွားမှုကြောင့် သေသည်ရှင်သည်မသိရဘဲ ပျောက်ဆုံးနေသည်။ ထိုသို့ ဖမ်းဆီးသတ်ဖြတ်မှုများတွင်လည်း စစ်ကိုင်းတိုင်းက အဆိုးရွားဆုံးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *