October 15, 2024

◾️ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေရောက်အောင် ကြိုပမ်းနေ၍ သက်ဆိုင်ရာ EAO များ ပူးပေါင်းပါဝင်ရန်ပါ အသိပေး

◾️ NLD အစိုးရလက်ထက်တွင် မဲမသမာမှုများအပြင် မဖြစ်မနေထိန်းသိမ်းရမည့် ပြည်တွင်းလျှို့ဝှက်ချက်များကိုပါ အလွယ်တကူပေါက်ကြားစေခဲ့ဟုပါ ပြောကြား

၁၅. ၁၀. ၂၀၂၄
Written by Nyein Kyaw

လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုမှုများအပေါ် လိုက် လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၉) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် NCA စာချုပ်ဖြစ်ပေါ်လာပြီး ၃ နှစ်အကြာ၌ပင်  နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လိုလားသည့် စိတ်ဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းများကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပြီး လိုက်လျောဆောင်ရွက်ပေးခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ကြရန်လည်း ဖိတ်ခေါ်မှုများကို ပြုလုပ်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“လက်နက်ကိုင်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် သက်ဆိုင်ရာအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ ၏ ‌တွေ့ဆုံမှုပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုများစွာမှတစ်ဆင့် အခြေတည်ဖြစ်ပေါ်လာခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်စာချုပ်သစ်တစ်ခုဖြစ်သည်။ နှစ်ဖက်သဘောတူညီမှုရရှိသည်အထိ အကြေအလည်ဆွေးနွေးခဲ့ရပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်နားလည်မှု အပြည့်နှင့်လိုက်လျောမှုများ လုပ်ခဲ့ကြရခြင်းဖြစ်သည်။

“ကျွန်တော်အနေနဲ့ ဒီသဘောတူစာချုပ်ရေးထိုးပြီးချိန်ကတည်းက စာချုပ်ပါကတိကဝတ်တွေကို  လေးစားပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ရပ်တည်ခဲ့ကြတဲ့ EAO များကို  တွေ့ရှိခဲ့ရသလို အခွင့်အခါကိုစောင့်ပြီး အခြေအနေပေးရင် ပေးသလို ကတိကဝတ်တွေကို ချိုးဖောက်ပြီး ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေတဲ့ EAO တွေ ပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သည့် MNDAA၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ လုက်ဆောင်ချက်များကလည်း ပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ ယင်းကာလမတိုင်မီကလည်း KNPP၊ KNDP၊ PNLO၊ KIA နှင့် KNU လက်နက်ကိုင် သောင်းကျန်းသူများသည် နယ်မြေဒေသအသီးသီးတွင် အဖျက်အမှောင့်လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြ

၂၀၂၁ ခုနှစ်တွင် မမျှော်လင့်ဘဲဖြစ်ပေါ်ခဲ့ရသည့် မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် တချို့သော EAO များအနေဖြင့် NCA လက်မှတ်ရေးထိုးထားရှိခဲ့သည့် ကတိကဝတ်များကို ဖောက်ဖျက်ပြီး NUG၊ CRPH အမည်ခံအကြမ်းဖက်သမားတို့ကို တစ်ဖက်လှည့်နည်းဖြင့် ထောက်ခံအားပေးခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များကိုလည်း ထောက်ပံ့မှုမျိုးစုံပေးပြီး အားပေးအားမြှောက်များ ပြုလုပ်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သည့် MNDAA၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ လုက်ဆောင်ချက်များကလည်း ပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ ယင်းကာလမတိုင်မီကလည်း KNPP၊ KNDP၊ PNLO၊ KIA နှင့် KNU လက်နက်ကိုင် သောင်းကျန်းသူများသည် နယ်မြေဒေသအသီးသီးတွင် အဖျက်အမှောင့်လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခွင့်ရခဲ့ကြသည့် အစိုးရအာဏာပိုင်များကအစ ဒီမိုကရေစီကျင့်စဉ်ကို လွဲမှားစွာကျင့်သုံးခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အစိုးရ၏ မဲမသမာမှုလုပ်ရပ်များသည် အလွန်အကျည်းတန်စွာ မြန်မာ့သမိုင်းစဉ်တွင် အမည်းစက်ကြီးအဖြစ် ကျန်ရစ်ခဲ့သည်မှာ အားလုံးသိပြီးဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရ သက်တမ်းကာလမှာ တစ်ခါတုန်းက မြန်မာ့သမိုင်းထဲကလို တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှု လွန်ကဲခြင်းတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရသလို မဖြစ်မနေထိန်းသိမ်းရမယ့် ပြည်တွင်းလျှို့ဝှက်ချက်တွေကိုလည်း အလွယ်တကူပေါက်ကြားစေခဲ့ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိတွင်လည်း သန်းခေါင်စာရင်းများ ကောက်ယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အာမခံထားသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲတွင် ပါတီအစုံပါဝင်နိုင်ရေးကို အလေးထားဆောင်ရွက်နေပြီး ရွေးကောက်ပွဲ ကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေရောက်အောင် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲ ကာလများမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများကို တွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို သက်ဆိုင်ရာ EAO များကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ ပြောကြားလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

NCA မှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်သွားမှသာ အားလုံးမျှော်မှန်းထားသည့် ပန်းတိုင်ကို အ‌ရောက်သွားနိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့မဟုတ်ဘဲ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံပြီး မိမိတို့နိုင်ငံသားချင်း သွေးမြေကျအောင် ကြံစည်ဆောင်ရွက်နေသည့် ပြည်ပနိုင်ငံများ၏ သွေးထိုးမြှောက်ပင့်မှုများအပေါ် ယုံကြည်နေဦးမည်ဆိုပါက မြန်မာနိုင်ငံသားများ မျှော်မှန်းနေသည့် အနာဂတ်နိုင်ငံတော်ခရီးသည် အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *