October 15, 2024

MT News
၁၅. ၁၀. ၂၀၂၄

မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့အကြား “မြန်ဆန်စွာအကျိုး ဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒေါ်လာ ၂၅၀,၀၀၀ တန်ဖိုးရှိ နားလည်မှုစာချွန်လွှာ ၅ စောင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သလို မြန်မာနိုင်ငံကို ယခုနှစ်အတွင်း ဒေါ်လာ ၅၀၀,၀၀၀ ဖိုးအထိ ကူညီမည်ဟု အိန္ဒိယအစိုးရက ကတိပြုချက်ကို မြန်မာနိိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်လိုက်သည်။

အိန္ဒိယနိုင်ငံက ယခုကူညီရန် လက်မှတ်ရေးထိုးလိုက်သည့် စီမံကိန်း ၅ ခုမှာ “စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် အခြောက်ခံစက်နှင့် အခြောက်ခံစက်ထားရန်အဆောက်အဦ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန ဗဟုသုတဘဏ်တည်ထောင်ခြင်း စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “မန္တလေး တိုင်းဒေသကြီးရှိ အမျိုးသမီးကလေးများကျောင်းအတွက် တစ်ထပ်အဆောက်အဦ ဆောက်လုပ်ခြင်း စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”နှင့် “ရန်ကုန်တိုင်းဒေသကြီး၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ခြင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”တို့ဖြစ်ပြီး အဆိုပါစီမံကိန်း ၅ ခုနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုရေးထိုးသည့် စီမံချက်များသည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ရှိပြီး စီမံချက်များအကောင်အထည် ဖော်ရေးအတွက် စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီ ဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

QIP စီမံချက်များသည် နှစ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးခြင်းဖြစ်သည်။ ယမန်နှစ်ကလည်း အလားတူစီမံချက် ၃ ခုကို ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ e-Learning နှင့် ကျေးလက်အခြေခံအဆောက်အအုံများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ QIP စီမံချက်များကို မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန်ရှိကြောင်း၊ QIP အစီအစဉ်အရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံပြည်သူများအတွက် ချက်ချင်းလိုအပ်သည့် စီမံချက်များကို ပံ့ပိုးကူညီရန်အတွက် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ အထိ ကတိကဝတ်ပြုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက အတည်ပြုထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *