October 15, 2024

MT News

ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုးပြီး အားကစားနှင့်ကာယပညာကော်မတီနှင့် ပူးပေါင်း၍ အသက် (၂၀) နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ (၂၈) ရက်မှ နိုဝင်ဘာလ (၉) ရက်အထိ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၊ ပဒေသာကွင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁) နှင့် ပဒုမ္မာကွင်းတို့တွင် ကျင်းပသွားမည်ဖြစ်သည်။

ယခုပြိုင်ပွဲသည် လူငယ်မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သောကြောင့် (၂၀၀၄)ခုနှစ်နှင့်အထက် အသက် (၂၀) နှစ်အောက် ကစားသမားများကိုသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည် ဖြစ်သည်။ အသက်မှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းစစ်ဆေးမည့်အပြင် အသက်ကျော် ကစားသမား တွေ့ရှိပါက ပြိုင်ပွဲက ထုတ်ပယ်မည်ဖြစ်ပြီး အဆိုပါကစားသမားနေရာအတွက် အစားထိုး ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်းလည်း သိရသည်။

ထိုသို့ မျိုးဆက်သစ်ကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သောကြောင့် မြန်မာနေရှင်နယ်လိဂ်၊ မြန်မာနေရှင်နယ်လိဂ်(၂)၊ မြန်မာနေရှင်နယ်လိဂ် ယူ(၂၀) ပြိုင်ပွဲဝင်ကစားသမားများကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် အသင်းတစ်သင်းတွင် ကစားသမား (၂၄) ဦးအထိ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး အုပ်ချုပ်၊ နည်းပြ၊ အသင်း ဆရာဝန် စုစုပေါင်း (၆) ဦးအထိ ခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အသင်း(၁၀) သင်းဖြင့် ကျင်းပသွားမည်ဖြစ်ကာ အသင်းတစ်သင်းအင်္ဂါရပ်နှင့် ကိုက်ညီသည့် ဘောလုံးအသင်းများကိုသာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပြုမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများကို ဦးစားပေးပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကျင်းပသည့် နေ့ရက်တိုင်းတွင် ပြိုင်ပွဲဝင်အသင်းများကို ခရီးဝေးအသင်း ငွေကျပ် (၃) သိန်းနှင့် ရန်ကုန်တိုင်းအတွင်းမှ အသင်းများကို ငွေကျပ် (၁) သိန်း ထောက်ပံ့မည် ဖြစ်သည့်အပြင် ပထမဆု ကျပ်သိန်း ၁ဝဝ၊ ဒုတိယဆု ကျပ် ၇၅ သိန်း၊ တတိယဆု ကျပ်သိန်း ၅ဝ နှင့်
အကောင်းဆုံး ကစားသမားဆုများ ကို ငွေကျပ် (၅)သိန်းစီအပြင် MAN OF THE MATCH ဆုအတွက် ကျပ် (၂) သိန်းဆုချမည်ဟု သိရသည်။

ပြိုင်ပွဲဝင်ဖောင်များကို အောက်တိုဘာလ (၂၃) ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကာ အသေးစိတ်သိရှိလိုသည်များကို ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချူပ်၊ အမှတ်(၆၃၁/က)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။ ရန်ကုန်မြို့။ ဖုန်း – ဝ၉၄၂၄၇၅၆၇၆၅၊ ဦးဟန်လင်း ၀၉-၅၀၁၉၄၁၉ ၊ ဦးချမ်းမင်းစိုး ၀၉- ၇၉၆၅၅၂၇၇၉၊ ဦးကျော်မင်း ၀၉- ၅၀၈၈၅၇၃ နှင့် ဦးဌေးလွင် ၀၉ – ၇၇၀၇၃၀၈၅၅ သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *