October 14, 2024

၁၄.၁၀. ၂၀၂၄
Written by Shwe Phyo

အာသံရိုင်ဖယ်တပ်ရင်းနှင့် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အော်ပရေးရှင်း လုပ်ဆောင်ချိန်အတွင်း အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသအနီးတွင် ဒီတိုနေတာ ၄၀၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့ကြောင်းအိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

အိန္ဒိယနှင့်မြန်မာ နယ်စပ်ဒေသအနီးတွင် တရားမဝင် လုပ်ဆောင်မှုများကို ဖြိုခွင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ရင်းတို့ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဝေါ်ကီတော်ကီ ဆက်သွယ်ရေးစက်အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Tiau မြစ်အနီးတွင် သံသယဖြစ်ဖွယ်ကောင်းသောလှုပ်ရှားမှုများရှိနေသည်ဆိုသော ထောက်လှမ်းရေးသတင်းအချက်လက်များကို အခြေခံပြီး အာသံရိုင်ဖယ် တပ်ရင်းနှင့်ရဲတပ်ဖွဲ့တို့သည် စီးနင်းခဲ့ခြင်းဖြစ်ရာ
တရားမဝင်ပစ္စည်းများကို ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသူသည် ဆိုင်ကယ်ကိုစွန့်ပစ်ကာ မြစ်ထဲသို့ထွက်ပြေးခဲ့ကြောင်း သိရသည်။

အာသံရိုင်ဖယ်တပ်ရင်းနှင့် မီဇိုရမ်ရဲတပ်ဖွဲ့သည် စွန့်ပစ်ခဲ့သည် ဆိုင်ကယ်ကိုစစ်ဆေးချိန်တွင်း ဖောက်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုသော ဒီတိုနေတာ ၃၉၉၀၀ ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့သလို ဖုန်းတစ်လုံးလည်း သိမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အာသံရိုင်ဖယ်တပ်ရင်းနှင့် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့တို့သည် နယ်စပ်ဒေသလုံခြုံရေးကို ခြိမ်းခြောက်နေသည့် လှုပ်ရှားမှုများကို ဖြိုခွင်းရန်အတွက် ထောက်လှမ်းရေးသတင်းအချက်လက်များရယူခြင်း၊ မဟာဗျူဟာအစီအစဉ်များ ချမှတ်ဖမ်းဆီးခြင်းများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မီဖိုရမ်ပြည်နယ်ရဲတပ်ဖွဲ့သည် သိမ်းဆည်းရမိသော ဒီတိုနေတာများနှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးနေပြီး မည့်သည့်နိုင်ငံကို ပို့ဆောင်ရန် ရည်ရွယ်ထားသလဲဆိုသောအချက်ကို စုံစမ်းစစ်ဆေးနေသည်။

မြန်မာနိုင်ငံတွင်လက်နက်ကိုင်ပဋိပက္ခများဖြစ်လာခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံသို့ ပေါက်ကွဲစေတတ်သောပစ္စည်းများ တရားမဝင်ပေးပို့ခြင်းများရှိခဲ့ရာ အိန္ဒိယအာဏာပိုင်များ ဖမ်းဆီးခဲ့ဖူးကြောင်းလည်း သိရသည်။

REf , indiatodayne

Leave a Reply

Your email address will not be published. Required fields are marked *