October 14, 2024

၁၄.၁၀. ၂၀၂၄
Translated by Htwe Ko Tun

သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူ့ကိုထောက်ခံအားပေးသူတွေနဲ့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ Coachella မှာ တွေ့ဆုံစဉ် သူတို့ရဲ့တွေ့ဆုံပွဲအနီး လမ်းဆုံတစ်ခုမှာ ကားအတွင်း လက်နက်တွေနဲ့အတူ မသင်္ကာဖွယ် လူတစ်ယောက်ကို အောက်တိုဘာလ ၁၂ ရက်က ဖမ်းမိခဲ့တယ်လို့ ပြောကြားခဲ့ကြပါတယ်။

အဆိုပါ မသင်္ကာဖွယ်လူက အသက် ၄၉ နှစ်ရှိပြီး Vem Miller ဟုခေါ်ကာ လာ့စ်ဗီးဂါးမြို့မှ ဖြစ်တယ်လို့ လည်းသိရပါတယ်။

ရဲအရာရှိတွေက တွေ့ဆုံပွဲအနီး စစ်ဆေးရေးဂိတ်တစ်ခုမှာ Vem Miller ရဲ့ကားကို ရပ်တန့်ခဲ့ကြတာပါ။ သူတို့က ကားအတွင်းမှာ ပစ္စည်းတွေကလည်း ကသောင်းကနင်းအခြေအနေရှိနေပြီး ရှာဖွေမှုပြုခဲ့တာမှာ ပြောင်းချောသေနတ်တစ်လက်၊ လုပ်သေနတ်တစ်လက်တို့နဲ့အတူ ကျည်ကပ်တစ်ခုကိုပါ ဥပဒေနဲ့မညီ တွေ့ရှိခဲ့ရတာပါ။ ဒါ့ပြင် သူ့ဆီမှာ နာမည်အမျိုးမျိုးနဲ့ နိုင်ငံကူးလက်မှတ်အတုတွေ၊ ကားလိုင်စင်အတုတွေအပြင် သူ့ရဲ့ SUV ကားကလည်း နံပါတ်ပြားအတုနဲ့ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။

ရဲမှူးကြီး ဘီယန်ကိုက Vem Miller ကို အသိဉာဏ်မရှိ တော်တော်မိုက်မဲတဲ့လူပါလို့သုံးသပ်ခဲ့ပြီး သူက Sovereign Citizens ခေါ်တဲ့ အစိုးရဆန့်ကျင်ရေး အစွန်းရောက်အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်လို့လည်း ပြောခဲ့ပါတယ်။ ဘီယန်ကိုက ”ဒီအဖွဲ့က လက်ယာစွန်းရောက်တဲ့ အဖွဲ့တစ်ခုလို့စဉ်းစားရတယ်။ သူတို့ကို စစ်သွေးကြွအဖွဲ့လို့တော့ ကျွန်တော်မပြောလိုပါဘူး။ ဒါပေမယ့် အစိုးရဆိုတာနဲ့ အစိုးရရဲ့ အုပ်ချုပ်မှုကိုမယုံကြည်တဲ့ အဖွဲ့တစ်ခုပေါ့”လို့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

နီဗားဒါးပြည်နယ်မှတ်တမ်းတွေအရ တော့ Vem Miller က ရီပတ်ဘလစ်ကန်ပါတီဝင်တစ်ဦးအဖြစ် မှတ်ပုံတင်ထားသူလို့ သိရပါတယ်။ စစ်ဆေးရေးဂိတ်မှာ ရဲအရာရှိတွေကို သူက သတင်းစာဆရာတစ်ဦးဖြစ်ပြီး ထရန့်ရဲ့ တွေ့ဆုံပွဲကိုတက်ရောက်ဖို့ ခွင့်ပြုချက်လက်မှတ်ရထားတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့ပြင် သူ့အနေနဲ့ ထရန့်ကို တစ်စုံတစ်ရာ ထိခိုက်အန္တရာယ်ပြုဖို့လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်းပြောခဲ့တယ်လို့ သိရပါတယ်။

လျှို့ဝှက်ထောက်လှမ်းရေးအဖွဲကတော့ “အခုကိစ္စက ထရန့်ကို အကာအကွယ်ပေးနေမှုအပေါ် တစ်စုံတစ်ရာထိခိုက် အကျိုးသက်ရောက်မှုမရှိပါဘူး။ ဒီကိစ္စအတွက် စုံစမ်းထောက်လှမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်” လို့ ပြောခဲ့ပါတယ်။

ဘယ်လိုပဲဆိုဆို သမ္မတရွေးကောက်ပွဲအကြိုကာလမှာ ထရန့်ကို လုပ်ကြံဖို့ကြိုးစားမှု နှစ်ကြိမ်တိုင်တွေ့ခဲ့ပြီးဖြစ်တဲ့အတွက် လုံခြုံရေးအစီအစဉ်တိုးမြှင့်ပေးထားချိန်မှာ အခုဖြစ်ရပ်ကရော လုပ်ကြံဖို့ တတိယမြောက်ကြိုးစားမှုမဟုတ်ပါဘူးလို့တော့ အတိအကျမပြောနိုင်သေးဘဲရှိနေပါတယ်။

Ref- NPR

Leave a Reply

Your email address will not be published. Required fields are marked *