October 14, 2024

ပုံစာ- သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မဲနှိုက်ခွင့်ရှိသူစာရင်းများအား ကြေညာပေးထားမှုကို တွေ့ရစဉ်။

၁၄. ၁၀. ၂၀၂၄
Written by Nyein Kyaw

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံဆောက်လုပ်ပြီးစီးသည့် အဆောက်အဦများအတွက် မဲနှိုက်ခွင့်ရှိသူစာရင်းများကို အောက်တိုဘာ ၁၄ ရက် (ယနေ့)မှစတင်ပြီး အောက်တိုဘာ ၂၅ ရက်အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာပေးထားမည်ဖြစ်၍ သွားရောက်ကြည့်ရှုနိုင်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ အသိပေးကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံဆောက်လုပ်ပြီးစီးသည့် အဆောက်အဦများတွင် ငှားရမ်းနေထိုင်ခွင့် လျှောက်ထားလာသော လျှောက်လွှာများအနက် စိစစ်ပြီးသော လျှောက်လွှာများနှင့် ယခင်မဲနှိုက်ခွင့်ရရှိပြီး မဲမပေါက်သော လျှောက်ထားသူများကို မဲစနစ်ဖြင့် ရွေးချယ်ငှားရမ်းနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးပြီး နေထိုင်နိုင်မည့် အခန်းပေါင်း ၆၀၀ ခန့်ကို ငှားရမ်းနေထိုင်ခွင့် ရရှိမည့်သူများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ယခုအောက်တိုဘာလဆန်းက အသိပေးကြေညာခဲ့ပြီးနောက် ငှားရမ်းနေထိုင်ခွင့်ရရှိသူများစာရင်းများကို ကြေညာပေးခြင်းဖြစ်သည်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီး အခန်းများ၏ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နဲ့ စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ပထမအဆင့်နှင့် ဒုတိယအဆင့်အငှားချထားမှုများတွင် ကနဦးကြေညာထားချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *