October 14, 2024

◾️ ယခုနှစ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ယခင်နှစ်များထက် အင်အားပိုမိုတိုးတက်လာ

၁၄. ၁၀. ၂၀၂၄
Written by Nyein Kyaw

ယနေ့ခေတ်ကာလတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာကို အမျိုးသားရေးမူဟန်မပျက် တိုးတက်အောင် ဆက်လက်ကြိုးပမ်းရန်မှာ မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန်ပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပြုလုပ်သည့် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာ့ရိုးရာအနုပညာ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အမှီပြု ဆက်နွယ်တိုးတက်ဖြစ်ထွန်းလာသလို မြန်မာတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများဖြစ်၍လည်း သီးခြားမူဟန်ကိုယ်စီနှင့် သီးသီးသန့်သန့်ဖြစ်ထွန်းနေခဲ့သလို ခေတ်အဆက်ဆက် ထွန်းကားလာခဲ့သည့် မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များသည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ခဲ့ပြီးနောက် ကိုလိုနီနယ်ချဲ့များ၏ ဖိနှိပ်ချိုးနှိမ်မှုများစွာကိုလည်း ခံခဲ့ရသည်။

သို့သော် မြန်မာအနုပညာရှင်များအနေဖြင့် ကိုလိုနီနယ်ချဲ့များ၏ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံတွန်းလှန်ပြီး အမျိုးသားရေးစိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးပမ်းထိန်းသိမ်းလာခဲ့သည့်အတွက် ယနေ့အထိ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များသည် မြန်မာ့ရိုးရာသွင်ပြင်အတိုင်း ‌ရှေးမူမပျက် ဆက်လက်ဖြစ်ထွန်းနေခြင်းကိုလည်း ဂုဏ်ယူဝံ့ကြွားဖွယ်ရာ တွေ့မြင်ကြရမှာလည်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တီထွင်ဆန်းသစ်မှုများကြောင့် ရိုးရာအနုပညာမပျက်ပြားသည့်အပြင် ပိုမိုဆင့်ပွားတိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်ကလည်း မြန်မာအနုပညာရှင်များ၏ ထူးခြားသည့်စွမ်းဆောင်နိုင်မှု ဂုဏ်ရည်သာဖြစ်ကြောင်း၊ ရဟန်းစာဆိုများအပါအဝင် လူပညာရှိ၊ ရဟန်းပညာရှိများသည် မြတ်ဗုဒ္ဓ၏ ဖြစ်တော်စဉ်များဖြစ်သည့် ၅၅၀ နိပါတ်တော်နှင့် ဇာတ်ကြီး ၁၀ ဖွဲ့တို့ကို ပုံပြင်၊ ပျို့၊ ကဗျာ၊ လင်္ကာ၊ စာပေ၊ စာဟောင်း ကွက်စိပ်၊ ဇာတ်သဘင် စသည့်ပုံစံမျိုးစုံးဖြင့် အရွယ်သုံးပါးလုံးအတွက် လိုက်ဖက်ညီသည့် နည်းလမ်းများ ရွေးချယ်ခံစားနိုင်ရန် စီမံထားရစ်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“ဒီလိုခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့ကြတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာကို တိုင်းဒေသကြီးများနဲ့ ပြည်နယ်များက တာဝန်ရှိသူများနဲ့ မျိုးဆက်သစ်အနုပညာရှင်များက အားကြိုးမာန်တက် ပူးပေါင်းပါဝင်ခဲ့မှုတွေကြောင့် ယခုနှစ်ပြိုင်ပွဲမှာ အင်အားပိုမိုတိုးတက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် မြန်မာ့ယဉ်ကျေးမှုအနုပညာကို အမျိုးသားရေးမူဟန်မပျက်ယွင်းစေဘဲ အခက်အလက် အဖူးအညွန့် တိုးပွားအောင် ဆက်လက်ကြိုးပမ်းသွားကြဖို့ကတော့ ယနေ့ခေတ်ကာလ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသားရေးတာဝန်ပဲဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ အနာဂတ် ပဲ့ကိုင်ရှင်များဖြစ်လာကြမယ့် လူငယ်၊ လူရွယ်များအတွက် ပိုမိုအရေးကြီးတဲ့ တာဝန်တစ်ရပ်ဖြစ်တာကြောင့် အလေးအနက်ထားမှာကြားလိုပါတယ် SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား လာမည့် အောက်တိုဘာ ၁၄ ရက် မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် စုစုပေါင်းဦးရေ ၂,၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆိုပြိုင်ပွဲ (မဟာဂီတ၊ ကာလပေါ်၊ အမျိုးဂုဏ်မြှင့် တင်ရေးတေးသီချင်း)၊ အကပြိုင်ပွဲ (တိုင်းရင်းသားတို့၏ ရိုးရာတူရိယာတိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာအက၊ ကဗျာလွတ် ချင်းတိုင်းရင်း သားရိုးရာအက၊ ရုပ်သေးကြိုးဆွဲ)၊ အတီး ပြိုင်ပွဲ( စန္ဒရား၊ ဂီတာ၊ ဒုံမင်း၊ မယ်ဒလင်)တို့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပသွားမည်ဖြစ်သည်။

အရေးပြိုင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌လည်းကောင်း၊ အတီးပြိုင်ပွဲ (ဒိုးပတ်၊ အိုးစည်၊ တယော)၊ ကွက်စိပ်ပြိုင်ပွဲတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ လည်းကောင်း၊ အတီးပြိုင်ပွဲ (ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ ဆိုင်းတစ်ဦးချင်း)တို့ကို အမျိုးသားစာကြည့်တိုက်၌လည်းကောင်း၊ အတီးပြိုင်ပွဲ (စောင်း၊ နှဲ၊ ပလွေ၊ ပတ္တလား) တို့ကို အမျိုးသားပြတိုက်၌လည်းကောင်း၊ ဇာတ်တော်ကြီးပြိုင်ပွဲကို နေပြည်တော် စည်ပင်သာယာရေးကော်မတီရှိ လေဟာပြင်ဇာတ်ရုံ၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *