October 14, 2024

၁၄.၁၀. ၂၀၂၄
Written by Shwe Phyo

တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းထားသည့် BRICS အဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း အနည်းဆုံး ၃၄ နိုင်ငံ စိတ်ဝင်စားကာလျှောက်ထားကြောင်း သိရသည်။

အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကာဇန်မြို့တွင် ကျင်းပမည်ဖြစ်ရာ အဖွဲ့ဝင်အသစ် ၁၀ နိုင်ငံနှင့် မိတ်ဖက် ၁၀ နိုင်ငံစာရင်းကို ကြေညာသွားဖွယ်ရှိနေသည်။

BRICS အဖွဲ့ကို အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ရန်လျှောက်ထားသည့် နိုင်ငံများထဲတွင် စစ်ပွဲဒဏ်ခံရသည့် ဆီးရီးယား၊ ပါလက်စတိုင်းနှင့် မြန်မာနိုင်ငံတို့လည်း ပါဝင်နေကြောင်း သိရသည်။

BRICS အဖွဲ့ နှင့်နီးစပ်သော သတင်းရင်းမြစ်က “အဖွဲ့ဝင်နိုင်ငံအသစ်အဖြစ် ပူးပေါင်းပါဝင်ဖို့ လျှောက်ထားတဲ့နိုင်ငံပေါင်းအနည်းဆုံး ၃၄ နိုင်ငံရှိတယ်။ အဲဒီနိုင်ငံတွေထဲမှာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ မလေးရှား၊ ဘာရိန်း၊ ဗင်နီဇွဲလား စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံရှိနေပါတယ်” ဟု ပြောသည်။

BRICS အဖွဲ့ ၏ မိတ်ဖက်အဖြစ် ရွေးချယ်ခံရသောနိုင်ငံသည် လက်ရှိအချိန်တွင် တင်းပြည့်အဖွဲ့ဝင်နိုင်ငံလိုမျိုး အခွင့်အရေးရမည်မဟုတ်သေးဘဲ လာမည့်နှစ်တွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးရောက်မှ အမြဲတမ်း တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

BRICS အဖွဲ့တွင် လက်ရှိအချိန် အဖွဲ့ဝင် ၁၀ နိုင်ငံရှိနေပြီး ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ဘရာဇီး၊ ယူအေအီး၊ အီရန်၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ အီဂျစ်နှင့် အီသီယိုပီးယားတို့ဖြစ်ကြောင်း သိရသည်။

ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ရုရှားအစိုးရက ယခုလအတွင်း ကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို အနည်းဆုံး နိုင်ငံပေါင်း ၂၄ နိုင်ငံမှခေါင်းဆောင်များ တက်ရောက်မည်ဟု ပြောသည်။

REf ,newindianexpress

Leave a Reply

Your email address will not be published. Required fields are marked *