October 14, 2024

◾ မြန်မာပြည်က အလုပ်သမားထုစင်စစ်‌တွေနဲ့ စက်ရုံ၊အလုပ်ရုံတွေက အလုပ်သမားတွေအကြောင်းတွေကိုတကယ်ရောနားလည်ကြရဲ့လားလို့ပါ ILO ကို မေးခွန်းထုတ်

၁၄.၁ဝ.၂ဝ၂၄
Written by K Pyay Thein

Article 33 လို့ ခေါ်ဆိုတဲ့ မြန်မာနိုင်ငံကို အလုံးစုံ ပိတ်ဆို့ရေးအဆို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)ထံ တင်သွင်းခဲ့ရာမှာ ILO က လက်ခံပြီး ပိတ်ဆို့ခြင်းဆိုင်ရာကိစ္စရပ်တွေကို လက်ခံဆွေးနွေးမယ်လို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ့အလုပ် သမားထု‌စင်စစ်တွေရဲ့ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး(ကနောင်ခန်းမ)မှာ ပြုလုပ်ခဲ့ကြပါတယ်။

“အဓိက ကတော့ ကျွန်‌တော်တို့အလုပ်သမားထုတွေကို ဒီ Article 33 နဲ့ ပတ်သက်လို့ နားလည်လာအောင်ရှင်းလင်းပြောပြရတာပေါ့။ ဒါကိုအတည်ပြုလိုက်မယ်ဆိုရင် ဒီမှာရှိနေတဲ့ စက်ရုံအလုပ်ရုံတွေက ထွက်ခွာသွားရမယ့် အခြေအနေမျိုးမှာ ရှိပါတယ်။ အဲ့ဒီလိုထွက်ခွာသွားရင် အဲ့ဒီစက်ရုံတွေကိုမှီခိုနေတဲ့ သန်းနဲ့ချီတဲ့ဝန်ထမ်းတွေရဲ့စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အများကြီး ထိခိုက်လာနိုင်ဖွယ်ရာရှိပါတယ်။ ဒါက အရိုးရှင်းဆုံးပါပဲ။ မကြာခင်ပြုလုပ်မယ့် lLO ရဲ့မန်ဘာအစည်းအဝေးမှာ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးဖို့ရှိနေတယ်လို့လည်း သိရတယ်။ ဒီလိုစဉ်းစားဆုံးဖြတ်မယ်လို့ ကျွန်တော်တို့ သိထားတယ်။‌ ပြောရရင် သူတို့ကလည်း အလုပ်သမားအဖွဲ့အစည်းပဲလေ။ ဘယ်အသံတွေကို နားထောင်ပြီးလုပ်မှာလဲ၊ ဆုံးဖြတ်မှာလဲ။ မြန်မာပြည်က အလုပ်သမားထုစစ်စစ်‌တွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေရဲ့အလုပ်သမားတွေ
အကြောင်းတွေကို တကယ်ရော နားလည်ကြရဲ့လား။ မခိုင်လုံတဲ့ အကြာင်းပြချက်တွေနဲ့ ဒါတွေကို တင်သွင်းတယ်။ ဆုံးဖြတ်ဖို့ စဉ်းစားတယ်ဆိုတာက မမျှတဘူး။ အဲ့ဒါကို ဒီ‌နေ့မှာ မြန်မာ့အလုပ်သမားထုစစ်‌စစ်တွေရဲ့ အသံကို ကြားအောင်၊ သိရအောင် အလုပ်သမားတွေကို ဖိတ်ခေါပြီး ဒီဟာကိုပြုလုပ်ရခြင်းဖြစ်ပါတယ်”လို့ ဒီနေ့ပွဲကိုဦးဆောင်ပြုလုပ်တဲ့ မြို့နယ်အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင် ဦးဇော်ဇော်အောင်က MT News ကို ပြောပါတယ်။

ILO က Article 33 ကိုလက်ခံပြီး ပိတ်ဆို့မှုတွေပြုလုပ်လို့ ပိတ်ဆို့ခံရပါက အလုပ်သမားထုအတွက် နစ်နာဆုံးရှုံးမှုတွေများစွာရှိလာမှာဖြစ်တယ်လို့လည်း ဒီကနေ့ပွဲမှာပါဝင်ဦးဆောင်သူတွေက ပြောပါတယ်။

ဒါ့အပြင် အခုကာလမှာ နိုင်ငံရေးနဲ့ အလုပ်သမားရေးအမည်ခံ ပြည်ပြေးတချို့ရဲ့ ကိုယ်ကျိုးသာကြည့်တဲ့လုပ်ရပ်တွေ၊ တင်သွင်းချက်တွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကျဆင်းလျက်ရှိတာကို တွေ့ရှိနေပြီး ဒီလိုကျဆင်း‌‌နေပေမဲ့လည်း လက်ရှိ လုပ်ကိုင်လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေကြောင့် အလုပ်သမားထုရဲ့စားဝတ်နေရေးတွေ အဆင်ပြေလျက်ရှိတဲ့ အချက်က ငြင်းမရ​တဲ့အချက်ဖြစ်တယ်လို့လည်း အလုပ်သမားကိုယ်စားလှယ် ဦးဇော်မင်းနိုင်က ပြောပါတယ်။

“ဒါက စက်ရုံအလုပ်ရုံတွေကို မှီခိုရပ်တည်နေရတဲ့အလုပ်သမားထုကို ခြိမ်းခြောက်တဲ့ဖြစ်စဉ်တစ်ခုပါ။ အလုပ်သမားရေးအမည်ခံ ပြည်ပြေးအချို့က ပြုလုပ်နေခြင်းဖြစ်ပါတယ်။ အဆင့်အတန်းရှိတဲ့ အလုပ်သမားအဖွဲ့ချုပ်လို့ သတ်မှတ်ထားတဲ့ ILO လို အဖွဲ့အစည်းက မြန်မာပြည်တွင်းမှာရှိတဲ့ အလုပ်သမားတစ်ဦးတစ်ယောက်ကိုမှ ကိုယ်စားမပြုတဲ့ စက်ရုံအလုပ်ရုံဝန်ထမ်းတွေရဲ့ဘဝရပ်တည်မှုတွေကို နားလည်မှုမပေးနိုင်တဲ့ မြန်မာပြည်အခြေအနေနဲ့ ပကတိကင်းကွာနေတဲ့ လူပုဂ္ဂိုလ်တွေရဲ့တင်ပြချက်တွေကို အာရုံစိုက်တာထက် ဒီကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း၊ အလုပ်သမားစစ်စစ်တွေရဲ့ အသံကို ပိုမိုအာရုံစိုက်စဉ်းစားရမှာဖြစ်ပါတယ်”လို့ ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲကိုတက်ရောက်လာတဲ့ အလုပ်သမားတစ်ဦးက သူရဲ့ အမြင်ကို ပြောပြပါတယ်။

Article 33 နဲ့ ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)အနေနဲ့ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေကအလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုကာကွယ်ပေးဖို့၊ အလုပ်သမားထုစစ်စစ်တွေရဲ့ အသံကိုနားထောင်ပေးဖို့နဲ့ Article 33 နဲ့ပတ်သက်လို့ ဆုံးဖြတ် ချက်ချရမယ့်ကိစ္စရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ အလုပ် သမားဝန်ကြီးဌာနကနေ အလုပ်သမားထုရဲ့အသံကို ILO သို့ ပြောကြားပေးဖို့ ဆိုတဲ့ အချက်တွေကိုလည်း ဒီကနေ့ ဆန္ဒထုတ်‌ဖော်ပွဲမှာတောင်းဆိုခဲ့ကြပါတယ်။

ILO ကအဲ့ဒီ Article 33 နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို အခု အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာပြုလုပ်မယ့်သူတို့ရဲ့ မန်ဘာအစည်းအဝေးမှာ စဉ်းစားဆုံးဖြတ်ဖို့လည်းရှိနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနေ့ဆန္ဒထုတ်ဖော်ပွဲမှာ ဟောပြောဆွေးနွေးသူတွေအဖြစ် မြို့နယ်အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင် ဦးဇော်ဇော်အောင်က Article 33 နဲ့ပတ်သက်လို့ စက်ရုံအလုပ်ရုံတွေအပေါ်သက်ရောက်လာနိုင်မှုအကြောင်းအရာနဲ့ အလုပ်သမားကိုယ်စားလှယ် ဦးဇော်မင်းနိုင်က အလုပ်အကိုင်ရရှိမှုကြောင့် အဆင်ပြေမှုနဲ့ အလုပ်အကိုင်ရှားမှုကြောင့်အဆင်မပြေမှုတွေအကြောင်းကို ဟော‌ပြောဆွေးနွေးတင်ပြခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်မှုဇုန်လုပ်ငန်းတွေများစွာရှိနေပြီး သန်းနဲ့ချီတဲ့ အလုပ်သမားတွေက ဒီစက်ရုံ၊ အလုပ်ရုံတွေကိုမှီခိုပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိနေတာလည်းဖြစ်ပါတယ်။

ယနေ့ ပြုလုပ်တဲ့ Article 33 နဲ့ပတ်သက်လို့ အလုပ်သမားထုတွေရဲ့ ဆန္ဒထုတ်ဖော်ပွဲကို စက်ရုံအလုပ်သမားအင်အား ၅ဝဝ ခန့် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

#Article33 #ILO #မြန်မာအလုပ်သမားထု

#စက်ရုံ #အလုပ်ရုံ #ဆန္ဒထုတ်ဖော်ပွဲ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *