October 14, 2024

၁၄.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်အစိုးရက ကိုလ်ကတ္တားမြို့မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ဆရာဝန်တွေကို သူတို့ရဲ့ ဆန္ဒပြမှုကိုဖျက်သိမ်းပြီး တွေ့ဆုံဆွေးနွေးကြဖို့ ဆန္ဒပြမှုကိုးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၃ ရက်၊ တနင်္ဂနွေနေ့မှာ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရမါတယ်။

ပူးတွဲလက်မှတ် ရေးထိုးထားကြတဲ့အိတ်ဖွင့်ပေးစာတစ်စောင်မှာ ထင်ရှားလူသိများတဲ့ အရပ်သားပြည်သူအချို့ကလည်း ဆန္ဒပြနေဆဲဖြစ်တဲ့ အငယ်တန်းဆရာဝန်တွေကို ဆန္ဒပြမှုကို အဆုံးသတ်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

တောင်းဆိုချက်တွေမရမချင်း အစာလုံးဝမစားဆိုတဲ့ အငယ်တန်းဆရာဝန်တွေရဲ့ အစာငတ်ခံဆန္ဒပြမှုက အောက်တိုဘာလ ၁၃ ရက်မှာ ကိုးရက်ရှိလာပါပြီ။ ရှစ်ရက်မြောက်နေ့မှာတော့ အငယ်တန်းဆရာဝန် သုံးဦးရဲ့ ကျန်းမာရေးအခြေအနေက အတော်ဆိုးရွားလာတာကြောင့် ဆေးရုံကိုပို့လိုက်ရတဲ့အထိ ဖြစ်လာပါတယ်။

သူတို့ရဲ့အစာငတ်ခံ ဆန္ဒပြမှုက အောက်တိုဘာလ ၅ ရက်မှာ စခဲ့တာပါ။ သူတို့ရဲ့အစာငတ်ခံဆန္ဒပြမှုကို ထောက်ခံတဲ့အနေနဲ့ ဆရာဝန်တွေနဲ့အရပ်သားတွေကလည်း ကိုလ်ကတ္တားမြို့နဲ့ အခြားခရိုင်တွေအတွင်း နေရာများစွာမှာ အစာအစားဘဲ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့က တခြားအချက်တွေနဲ့အတူ သူတို့ရဲ့ လုပ်ငန်းခွင်မှာ လုံခြုံစိတ်ချရမှုရှိစေရေးနဲ့ ဘေးအန္တရာယ်ကင်းရေးတို့အတွက် အဓိကထား တောင်းဆိုခဲ့ကြတာပါ။

အိန္ဒိယနိုင်ငံရဲ့ ဌာနေဆရာဝန်များအသင်းကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ အိန္ဒိယတစ်နိုင်ငံလုံးဆေးဘက်ဆိုင်ရာအသင်းက ဆန္ဒပြဆရာဝန်တွေနဲ့ သွေးစည်းညီ ညွတ်မှုရှိတယ်ဆိုတာပြဖို့ နိုင်ငံတစ်ဝန်းရှိ ဆေးရုံတွေမှာ ရွေးချယ်ထားတဲ့ လုပ်ငန်းတွေကို အောက်တိုဘာလ ၁၄ ရက်မှစပြီး ရပ်နားကြဖို့ အောက်တိုဘာလ ၁၃ ရက်မှာ တောင်းဆိုမှုပြုခဲ့ပါတယ်။ ဒီသပိတ်မှောက်ဆန္ဒပြမှုက ပုဂ္ဂလိကဆေးရုံတွေကိုပါ အကျိုးသက်ရောက်ဖွယ်ရှိနေပါတယ်။

အောက်တိုဘာလ ၁၃ ရက်မှာတော့ အနောက်ဘင်္ဂလားပြည်နယ်၊ အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် မာနော့ဂျ် ပန့် က အခြေအနေနဲ့ပတ်သက်လို့ ဆရာဝန်တွေနဲ့ဆိုင်ရာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဆရာဝန်တွေနဲ့ဆိုင်ရာ အဖွဲ့အစည်း ၁၂ ခုက အောက်တိုဘာလ ၁၄ ရက်မှာပြုလုပ်မယ့် အစည်းအဝေးသို့ ကိုယ်စားလှယ်နှစ်ဦးကျ တက်ရောက်ကြဖို့ သူ့ရုံးက အီးမေးလ် ပေးပို့ခဲ့ပါတယ်။

နောက်ထပ် တိုးတက်မှုတစ်ရပ်အနေနဲ့ကတော့ အနောက်ဘင်္ဂလားပြည်နယ်အတွင်း ထင်ရှားလူသိများတဲ့ အရပ်သးတချို့ကလည်း ပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘာနာဂျီထံ အငယ်တန်းဆရာဝန်တွေရဲ့ တောင်းဆိုချက်တွေကို ဖြစ်နိုင်သမျှ အတတ်နိုင်ဆုံ အသိအမှတ်ပြုလိုက်လျောပေးပြီး သောင်မတင် ရေမကျ အခြေအနေကို အဆုံးသတ်ဖို့ စာရေးပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုပဲ ပြည်နယ်အတွင်း ထင်ရှားလူသိများသူ ၃၀ ခန့်လက်မှတ်ထိုးထားတဲ့ အငယ်တန်းဆရာဝန်တွေထံ အိတ်ဖွင့်ပေးစာမှာလည်း ဆန္ဒပြမှုကိုအဆုံးသတ်ပြီး ပြည်နယ်အစိုးရနဲ့ ဆွေးနွေးမှုပြုကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

Ref- The Hindustan Times

#အိန္ဒိယ #ကိုလ်ကတ္တား #ဆန္ဒပြ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *