October 14, 2024

၁၄.၁၀.၂၀၂၄
Written By Zun

MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့အနီးရှိ သိန္နီခရိုင် သံလွင်မြို့နယ်အတွင်း အီနိုင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရသောကြောင့် ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် (အောက်တိုဘာ ၁၃ ရက် ညသန်းခေါင်ကျော် အချိန်) အီနိုင်းရွာသို့ ဗုံး ၇ လုံး ကြဲချခံခဲ့ရသောကြောင့် နေအိမ် ၂၀ ကျော်၊ ဆေးခန်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် အခြားအဆောက်အအုံများ အတိုင်း အတာတစ်ခုထိ ထိခိုက်ပျက်စီးခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်ကလည်း MNDAA ထိန်းချုပ်ထားသော သိန္နီမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံခံရ၍ လူတစ်ဦးနှင့် နွားနှစ်ကောင် ဦးဒဏ်ရာရခဲ့ကြောင်း MNDAA က ထုတ်ပြန်ခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် MNDAA တပ်စွဲထားသည့် မြန်မာစာသင်ကျောင်းအဆောက်အအုံ အပြင်းအထန်ပျက်စီးခဲ့ပြီး နွားနှစ်ကောင်ကိုလည်း ဗုံးစထိမှန်ဒဏ်ရာရ ရှိခဲ့ကြောင်း၊ အလားတူ အောက်တိုဘာလ ၁၀ ရက် နံနက်ကလည်း သိန္နီမြို့မှ ကွမ်းလုံ-ဟို ပန်သွားသည့် လမ်းမကြီးပေါ်ရှိ MNDAA များ ရှိနေသော ပန်လော့ကျေးရွာအုပ်စု မန်ချက်ကျေးရွာ လေကြောင်း တိုက်ခိုက်ခံရသောကြောင့် ၅ ဦးထက်မနည်းဒဏ်ရာရခဲ့ကာ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားခဲ့သည်။

MNDAA က သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး”ပထမပိုင်း ကာလက ထိန်းချုပ်၍ မြို့ပေါ် ရှိရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲ၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက MNDAA များသွားလာနေထိုင်သည့် သိန္နီမြို့ပေါ် ဈေးအနီးနှင့် စာသင်ကျောင်းအချို့ လေ ကြောင်းတိုက်ခိုက်ခံခဲ့ရကာ သေဆုံးသူ ၁၀ ဦးကျော်၊ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *